သရက်ချောင်း ကျွဲမင်းကုန်းရွာက ဖမ်းဆီးခံရသည့် စိတ်ဝေဒနာရှင်အမျိုးသား ပြန်လွတ်

0
413

သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းရွာက ရိုက်နှက်ဖမ်းဆီးခံရသည့် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး ယနေ့ (ဩဂုတ် ၂၉) နံနက် ၈ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။

အသက် ၃၀ အရွယ် ကိုမင်းလဲ့ဆိုသူသည် စိတ်ကျန်းမာရေး မကောင်းသူဖြစ်သဖြင့် ရွာစဉ်လျှောက်ပြီး သွားလာ နေလေ့ရှိသူလည်းဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ ရွာစဉ်လှည့်ပြီးလျှောက်သွားနေစဉ် စုံစင်ဖျားရွာ မီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ဆဲဆိုသောကြောင့် ဩဂုတ်လ ၂၈ရက် နံနက် ၁၀ နာရီခန့်တွင် ရိုက်နှက်ထုထောင်း ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ရွာပြန်ရောက်နေပြီ။ မနက်တုန်းက ၈ နာရီထိုးလောက်မှာ ပြန်ရောက်နေတယ်။ လူကတော့ သွားလာနိုင်နိုင်ကြီး။ ရိုက်ထားထုထားတဲ့ နေရာက ညိုနေတဲ့ ဒဏ်ရာနည်းနည်းပါးပါးတော့ရှိတယ်” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ကိုမင်းလဲ့ကို မီးသတ်ရုံးတွင် ရိုက်နှက်ဖမ်းဆီးကာ ဝင်းဝနယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ နံနက်စောစောတွင် ၎င်း၏ ဖခင်ဖြစ်သူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက သွားရောက်ထုတ်ယူခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ငါးသောင်း ပေးခဲ့ရသည်ဟုလည်း ၎င်းနှင့် ဆွေမျိုးနီးစပ်တော်သူအမျိုးသမီးက ပြောဆိုသည်။