ဆလုံများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်ဆောက်

0
367

ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်တစ်ခု ဆောက်လုပ်နေကြောင်း ဂျလန်းကျွန်းကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ပညာသီရိက မိန့်ကြားသည်။

စွန့်ပစ်ပုလင်းအမျိုးအစားအစုံ ပုလင်းခွံအလုံးရေ နှစ်ထောင်ကျော်ဖြင့် အလျား ၁၅ပေ၊ အနံ ၁၀ပေ၊ အမြင့် ၉ပေ ခန့်ရှိ ရွှေပုလင်း နားနေဆောင်အမည်ရှိ အဆောက်အအုံကို ဂျလန်းကျွန်းကျောင်းတိုက်တွင် ဆောက်လုပ် နေဆဲဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

ဂျလန်းကျွန်းပေါ်ရှိ စွန့်ပစ်ပုလင်းခွံများနှင့် ကမ်းခြေတလျှောက်ရှိ ပုလင်းအကွဲအစတို့သည် ရေရှည်တွင် သဘာဝ သယံဇာတပျက်ဆီးခြင်းနှင့် လူသားတို့အတွက် အန္တရာယ်ရှိလာနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“သဘာဝသယံဇာတတွေ မပျက်ဆီးအောင်၊ လူတွေလည်း အန္တရာယ်မဖြစ်အောင် စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုအကောင်းဆုံးအသုံးချရမလဲဆိုတာ စဉ်းစားရကနေ ဒီလိုလည်း အသုံးပြုလို့ရပါလားဆိုတာ အားကျအတုယူအောင် နားနေဆောင်ကို စလုပ်ပေးလိုက်တာ” ဟု ဆရာတော် ဒေါက်တာ အရှင်ပညာသီရိက ဆက်လက်မိန့်ကြားသည်။

ဂျလန်းကျွန်းရှိ လူငယ်များကို ကမ်းခြေတလျှောက်ရှိ အမှိုက်များရှင်းလင်းပြီး ပုလင်းခွံတို့အား ကောက်ယူခြင်းနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေအချို့မှ လာရောက်လှူဒါန်းထားကြောင်း ဆရာတော်က မိန့်သည်။

၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းက ကျွန်းစုမြို့နယ် ဝဲကျွန်းရွာနေသူတစ်ဦးကလည်း စွန့်ပစ်ပုလင်းခွံ ခုနစ်‌ထောင်ကျော် အသုံးပြုပြီး အဆောက်အအုံတစ်ခု တည်ဆောက်ခဲ့သည်။