ထိုင်းတွင် တစ်ရက်လုပ်အားခ တိုးမြှင့်သတ်မှတ်၊ မြန်မာလုပ်သားများလည်း ခံစားခွင့်ရမည်

0
520

ထိုင်းအစိုးရအဖွဲ့က နိုင်ငံ၏ တစ်ရက်အခြေခံလုပ်အားခကို တိုးမြှင့်သတ်မှတ်လိုက်ပြီး လာမည့် အောက်တိုဘာလ ၁ရက်တွင် စတင်ခံစားခွင့်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ယနေ့ (ဩဂုတ် ၂၆) ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ ပေးနေသည့်လုပ်အားခ၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းကို တိုးမြင့်ခံစားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုပေးနေသည့် နှုန်းထားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလက သတ်မှတ်ပေးထားသည့် နှုန်းထားဖြစ်ပြီး ၂ နှစ်ကျော် အကြာတွင် နှုန်းထားသစ် ပြင်ဆင်လာခြင်းဖြစ်သည်။

ယင်းမှာ ထိုင်းနိုင်ငံ၌ ၁၄ နှစ်အကြာတွင် အမြင့်ဆုံးပြန်ရောက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်းကို ရင်ဆိုင် ကျော်လွှားရန်အတွက်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boonchob Suthamanaswong က ပြောသည်။

ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အလုပ်သမားများတွင် အဆိုပါ တစ်ရက်လုပ်အားခ တိုးမြှင့်ပေးမှုက အကူအညီအထောက်အပံ့ဖြစ်စေနိုင်ကြောင်း ၎င်းက ဆိုသည်။

ထိုင်း၏ တစ်ရက်လုပ်အားခမှာ ခရိုင်အလိုက်ကွဲပြားမှုရှိပြီး လက်ရှိတွင် ချွန်ဘူရီနှင့် ဖူးခက်တို့တွင် အမြင့်ဆုံးအဖြစ် ဘတ် ၃၃၆ ရရှိနေကာ နရသီဝတ်၊ ပတ်တနီ နှင့် ရာလခရိုင်တို့အတွင် အနိမ့်ဆုံးအဖြင့် ဘတ် ၃၁၃ ရရှိနေသည်။

တိုးမြှင့်လိုက်သော နှုန်းထားသစ်အရ ချွန်ဘူရီ၊ ရယွန်နှင့် ဖူးခက်တို့တွင် အမြင့်ဆုံးအဖြစ် ဘတ် ၃၅၄ အထိရရှိမည် ဖြစ်ပြီး အနိမ့်ဆုံးအဖြစ် နရသီဝတ်၊ ပတ်တနီ၊ ရာလ၊ နန်း နှင့် ဥဒွန်းဌာနီတို့တွင် ဘတ် ၃၂၈ ဘတ်ရရှိမည်ဖြစ်သည်။

ယခုတိုးမြှင့်သတ်မှတ်လိုက်သော လုပ်အားခနှုန်းထားသစ်သည် ထိုင်းနိုင်ငံ၏ အလုပ်သမားအခွင့်အရေး ဥပဒေအရ နိုင်ငံအတွင်းရှိ အလုပ်သမားအားလုံးအတွက် အကျုံးဝင်သည်။

“အလုပ်သမားအားလုံးဆိုတော့ ကျွန်တော်တို့ မြန်မာတွေပါ ပါတာပေါ့။ တိုးတာက တစ်ရက်လုပ်အားခဆိုပေမယ့် OT (အချိန်ပိုကြေး) ရော တနင်္ဂနွေ ၂ ဆရော အကုန်တိုးတာပဲ” ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အလုပ်သမားတာဝန်ခံ ကိုဇော်က ပြောဆိုသည်။

အခြားတစ်ဖက်တွင် ထိုင်းအစိုးရက လျှပ်စစ်မီတာခ တိုးမြှင့်သတ်မှတ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်လာမှု၊ ငွေကြေးဖောင်းပွမှုဒဏ် အပါအဝင် တရားဝင်လုပ်ကိုင်ခွင့်ရရန် ပန်းရောင်ကတ်ဈေးကြီးပေး လုပ်ဆောင်ရမှုကြောင့် အလုပ်သမားများ အခက်တွေ့ နေချိန်ဖြစ်သည်။

ယင်းသို့အခြေအနေမျိုးတွင် တစ်ရက်လုပ်အားခ တိုးမြှင့်လိုက်ခြင်းသည် အနည်းနှင့် အများတော့ အထောက်အပံ့ တစ်ခုဖြစ်နိုင်ကြောင်း မဟာချိုင်မြို့က စက်ရုံတစ်ရုံတွင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“လုပ်ခလစာတိုးတယ်ဆိုတာမျိုးက အလုပ်သမားတွေအတွက်တော့ ဝမ်းသာစရာပေါ့ရှင်။ ဈေးတွေ မတရားတက်လို့ အခက်အခဲဖြစ်နေကြတဲ့အချိန် နည်းနည်းတိုးလည်း ကျေနပ်တယ်” ဟု တစ်ရက်လုပ်အားခ ၂၂ ဘတ်တိုးသည့် စမူစခွန်ခရိုင်တွင် လုပ်ကိုင်သူ ၎င်းက ပြောဆိုသည်။

လုပ်အားခ ၅ ဒသမ ၀၇ ရာခိုင်နှုန်းတိုးမြင့်ပေးမှုကို ထိုင်းနိုင်ငံအနိမ့်ဆုံးလုပ်ခလစာကော်မတီ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် အစိုးရတို့ ယနေ့တွင် ၅ နာရီခန့်ကြာ ဆွေးနွေးခဲ့ပြီးနောက် နောက်ဆုံးအနေဖြင့် သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ Mr Boonchob က ပြောကြားထားသည်။

လာမည့်အပတ်တွင် အစိုးရအဖွဲ့က လက်မှတ်ရေးထိုးပြီးနောက် အခြေခံလုပ်အားခအသစ်နှုန်းထားများကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် အကျုံးဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် အလုပ်လုပ်ကိုင်လျက်ရှိသော တရားဝင် အထောက်အထားရှိ ရွှေ့ပြောင်း အလုပ်သမား ၂ ဒသမ ၅ သန်းခန့်ရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ခရိုင်အလိုက်တိုးမြင့်သတ်မှတ်ချက်များ

အုပ်စု (၁) ချွန်ဘူရီ၊ ရယွန်၊ ဖူးခက် – ၃၅၄

အုပ်စု (၂) ဘန်ကောက်၊ နွန်ထဘူရီ၊ နခွန်းပထုံ၊ ပထုန်ဌာနီ၊စမွတ် ပရကန်၊ စမွတ်ဆာခွန် – ၃၅၃

အုပ်စု (၃) ချာချင်ဆောင် – ၃၄၅

အုပ်စု (၄) အယုဒ္ဓယ – ၃၄၃

အုပ်စု (၅) ပလာကျင်၊ နောင်ခိုင်၊ ဥဘွန်လာချဌာနီ၊ ဖန်ငါ ၊ ကရဘီ၊ တလာ့က်၊ ခွန်ကယ်၊ ချင်းမိုင်၊ ဆုဖန်ဘူရီ၊ ဆုန်ခလာ၊ စူလာ့ဌာနီ၊ နခွန်းလာချစီမာ၊ လုပ်ဘူရီ၊ စလဘူရီ – ၃၄၀

အုပ်စု (၆) မုက်ဒါဟန်၊ ကာလစိင်၊ ဆကွန်နခွန်း၊စမွတ်ဆုန်ခရမ်း၊ ကျန်ထဘူရီ၊ နခွန်းနာယုတ် – ၃၃၈

အုပ်စု (၇) ဖေ့ချဘွန်၊ ကန်ကျနဘူရီ၊ ဘုန်ကန်၊ ချိုင်းနတ်၊ နခွန်းဖနုံ၊ ဖယောင်၊ ဆုလင်၊ ယစိုထော်၊ လွဲးအေ့က်၊ ပရကျွပ်ခီလီခန်၊ ဖိစနုလို့၊ အန်ထောင်၊ စလကဲ့ယောက်၊ ဘူရီလမ်၊ ဖေစ်ဘူရီ – ၃၃၅

အုပ်စု (၈) အာနတ်ကျလွန်၊ မဲ့‌‌ဟောင်ဆွန်း၊ ချင်းလိုင်၊ တလန်၊ စီစကေ့၊နောင်ဘွာလန်ဖူ၊ဥထိုင်ဌာနီ၊ လန်ပန်၊ လန်ဖူန်၊ ချုမ်ဖွန်၊ မဟာစလခမ်း၊ဆင်ဘူရီ၊ စတူန်၊ ဖလဲ့၊ တာ့က်၊ နခွန်စီးထမ်မရတ်၊ ဆုခိုထိုင်း၊ ကန်ဖယ်ဖစ်၊ လာ့ဘူရီ၊ ချိုင်ဖှုန်၊ ရနောင်း၊ ဖိကျစ် – ၃၃၂

အုပ်စု (၉) နရသီဝတ်၊ ပတ်တနီ၊ ရာလ၊ နန်း၊ ဥဒွန်းဌာနီ – ၃၂၈