မွန်တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ခြိမ်းခြောက် ငွေညှစ်မှုများရှိနေ

0
264

မွန်ပြည်နယ် မြို့နယ်အချို့တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ခြိမ်းခြောက်ငွေညှစ်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင်များကို ဩဂုတ်လ ၂၀ရက်နေ့ကစပြီး ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းနှင့် ရင်းနှီးသည့် လုပ်ငန်းရှင်အချို့ ငွေညှစ်ခံနေရမှုကို အဆိုပါလုပ်ငန်းရှင်က Dawe Watch သို့ ပြောဆိုခြင်းဖြစ်သည်။

တောင်းခံသည့်ငွေကို မပေးလျှင် ဆိုင်ကို ဖောက်ခွဲမည်ဟု ခြိမ်းခြောက်နေသည့်အတွက် ကြောက်ရွံ့ကာ ဆိုင်ကို ယာယီပိတ်သိမ်းထားရသည်များလည်းရှိကြောင်း ၎င်းက ဆိုသည်။

“ဒီရက်ပိုင်းမှာ ရွှေဆိုင်တွေ လုပ်ငန်းရှင်တွေကို ဖုန်းဆက်ငွေတောင်းခံတာတွေ ရှိနေတယ်လို့ သိရတယ်။ မပေးရင် ဆိုင်ကို ဗုံးဖောက်ခွဲမယ် ဘာညာဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေတောင်းခံနေသူတို့သည် ကျပ် တစ်သိန်းမှ ကျပ်သိန်း ဆယ်ဂဏန်းအထိ တောင်းခံ နေကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ထို့အတူ ကျိုက်ထိုမြို့နယ်အတွင်းမှာလည်း လုပ်ငန်းရှင်များထံ ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုများဖြစ်ပွား နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဖုန်းဖြင့် ခြိမ်းခြောက်ငွေတောင်းခံနေသူတို့သည် နိုင်ငံရေး မတည်ငြိမ်မှုအပေါ် အခွင့်အကောင်းယူပြီး လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုခုအမည်ခံထားသူများဖြစ်သည်ကို စုံစမ်းသိရှိထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဩဂုတ်လ ၂၅ ရက်က ထုတ်ပြန်ထားသည်။

ပြည်သူများအပေါ် ခြိမ်းခြောက်ငွေတောင်းခံခြင်းကို ရပ်တန့်ရန်နှင့် မရပ်တန့်ဘဲ ဆက်လက် ငွေကြေးတောင်းခံပါက စစ်ရေးပစ်မှတ်ထား သုတ်သင်ရှင်းလင်းသွားမည်ဟုလည်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

အလားတူ မုဒုံမြို့နှင့် သံဖြူဇရပ်မြို့ပေါ်က ရွှေဆိုင်အချို့ကိုလည်း ခြိမ်းခြောက်ငွေညှစ်ရမှုရှိနေသည်ဟု မြို့ခံအချို့က ပြောပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုရန် ကြိုးပမ်းနေသည်။