တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
345

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

သြဂုတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ

ထိုင်းဝန်ကြီးချုပ်ကို တာဝန်က ဆိုင်းငံ့

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကနေ ဩဂုတ် ၂၄ရက်နေ့မှာ မဲခွဲဆုံးဖြတ်ပြီး တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ် အာဏာသိမ်းပြီးတဲ့နောက် ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သက်တမ်းကို အများဆုံး ၈ နှစ်ထက်ကျော်လွန်ကာ တာဝန်ထမ်းဆောင်ခွင့် မရှိလို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန် ယူလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် တာဝန်ထမ်းဆောင်တာ ၈နှစ် သက်တမ်းပြည့်ပြီဖြစ်လို့ ရာထူးကနေ ရပ်ဆိုင်းပေးဖို့ အတိုက်အခံလွှတ်တော် အမတ်တွေက လွှတ်တော်ပါလီမာန်ကနေ တရားရုံးကို ပေးပို့လျှောက်ထားခဲ့တာပါ။

ဒီလိုလျှောက်ထားမှုကို အခြေခံဥပဒေတရားရုံးကနေ ခုံရုံးတရားသူကြီး ကိုးဦးပါဝင်တဲ့အဖွဲ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲ ရရှိခဲ့ပါတယ်။

Ref: Bangkok Post

ယူကရိန်းလွတ်လပ်ရေးနေ့မှာ ဘူတာရုံကို ရုရှားဒုံးကျည်တိုက်ခိုက်လို့ လူ ၂၂ ဦး သေဆုံး

ယူကရိန်းနိုင်ငံက ရုရှားကျူးကျော်စစ် ခြောက်လပြည့်အထိမ်းအမှတ် ကျင်းပနေတဲ့ ဘူတာရုံတစ်ရုံကို ရုရှားတို့က ဒုံးကျည်တွေ တိုက်ခိုက်ခဲ့လို့ လူ ၂၂ ဦး သေဆုံးပြီး ၅၀ ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ဩဂုတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂကိုပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ ဇီလန်စကီးက ထည့်သွင်းပြောခဲ့တာပါ။

ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေပေမယ့် ကံမကောင်း စွာနဲ့ပဲ သေဆုံးသူဦးရေ တိုးလာနိုင်ပါတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ ယူကရိန်းလွတ်လပ်ရေးနေ့ကို ထောက်ခံမှုပြသတဲ့အနေနဲ့ တင့်ကားဖျက်ဒုံးတွေ၊ အ မြောက်ကြီးတွေ၊ ကင်းထောက်ဒရုန်းတွေနဲ့ ရေဒါတွေအပါအဝင် ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိတဲ့ စစ်ရေးအကူအ ညီ ယူကရိန်းကို ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့ပါတယ်။

Ref: DW

ကျူးကျော်တိုက်ခိုက်ပါက တန်ဖိုးကြီးကြီး ပေးရမယ်လို့ တရုတ်ကို ထိုင်ဝမ်သတိပေး

 ထိုင်ဝမ်က ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှာဖြစ်ပြီး ကျူးကျော်တိုက်ခိုက်သူတွေဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ထိုင်ဝမ်ကသတိပေးပြောဆို လိုက်ပါတယ်။

တရုတ်တိုက်ခိုက်ရေးသမားတွေကို ပြန်တိုက်ထုတ်ခဲ့တဲ့ ၁၉၅၈ ခုနှစ်စစ်ပွဲ နှစ်ပတ်လည် နေ့အခမ်းအနားမှာ သမ္မတ ဆိုင်အင်ဝမ်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီး ထိုင်ဝမ်နဲ့တ ရုတ်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ထိုင်ဝမ်ဟာ တိုင်းပြည်ကိုကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ပြင်ဆင်ထားတာကို ရန်သူကို သိစေချင်ပြီး ကာကွယ်နိုင်တဲ့စွမ်းရည်လည်း ရှိတယ်လို့ သူက ဆိုပါတယ်။

Ref: Euronews

ဥရောပမှာ နှစ်ပေါင်းငါးရာအတွင်း အဆိုးရွားဆုံးမိုးခေါင်မှုဖြစ်နေ

ဥရောပတိုက်ဟာ နှစ်ပေါင်းငါးရာအတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေရပါတယ်။

ဥရောပတိုက်ရဲ့ သုံးပုံနှစ်ပုံမှာ သတိပေးချက်တွေထုတ်ပြန်ထားပြီး ပြည်တွင်းရေကြောင်းပို့ဆောင်မှု၊ လျှပ်စစ်ထုတ်လုပ်မှုနဲ့ သီးနှံအထွက်နှုန်းတွေ ထိခိုက်နေတယ်လို့ ဥရောပသမဂ္ဂအေဂျင်စီကဆိုပါတယ်။

ဥရောပကော်မရှင်ကကြီးကြပ်တဲ့ ဥရောပမိုးခေါင်ရေရှားမှုစောင့်ကြည့်ရေးအဖွဲ့ (EDO) ရဲ့ ဩဂုတ်လအစီရင်ခံစာအရ ဥရောပရဲ့ ၄၇ ရာခိုင်နှုန်းဟာ မြေဆီလွှာခြောက်သွေ့ နေတဲ့အတွက် စိုက်ပျိုးသီးနှံတွေ ထိခိုက်လာကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

ဥရောပနိုင်ငံအများစုက အခုနှစ် နွေရာသီမှာ အပူချိန်ပိုမိုဆိုးရွားလာကာ မိုးခေါင်မှု၊ တောမီးလောင်မှုတွေကို ပိုမိုဆိုးရွားစေခဲ့လို့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားရပါတယ်။

Ref: RTE

မလေးရှားဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေချမှတ်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် (Najib Razak) ကို တရားစွဲဆိုထားတဲ့ SRC International အမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ကြောင်း ဖက်ဒရယ်တရားရုံးက ဩဂုတ်လ ၂၃ ရက် မှာဆုံးဖြတ်လိုက်ပါတယ်။

1Malaysia Development Bhd(1MDB) ရဲ့ ရန်ပုံငွေတွေ အလွဲသုံးမှုအပါအဝင် စွဲချက် ၇ ခုအတွက် နာဂျစ်ရဲ့ အယူခံဝင်မှုကို တရားရုံးကနေ ပယ်ချလိုက်ပြီး ထိုအတွက် ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀(ကန်ဒေါ်လာ ၄၆ ဒသမ ၈သန်း) ကို ချမှတ်ခဲ့ပါတယ်။

နောက်ဆုံး အယူခံဝင်ကြားနားမှုအတွက် စီရင်ချက်ကို ဖတ်ကြားရာမှာ တရားသူကြီးချုပ် Tengku Maimun Tuan Mat က တရားရုံးမှာ တင်သွင်းခဲ့တဲ့ သက်သေအထောက်အထားတွေက စွဲချက် ၇ ခုစလုံးမှာ အပြစ်ရှိနေကြောင်း လုံးဝထောက်ပြထားတယ်လို့ ကျွန်ုပ်တို့ အားလုံးကနေ တညီတညွတ်တည်း ရှုမြင်ပါကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Ref: CNA

တရုတ်ကိုခုခံဖို့ တာဝေးပစ်ဒုံးကျည်တွေ ဂျပန်စီစဉ်

 တရုတ်ရဲ့ရန်ကို တန်ပြန်တိုက်ခိုက်မှု တိုးမြှင့်ဖို့ တာဝေးပစ် ခရုဇ်ဒုံးကျည် အစင်း ၁၀၀၀ နေရာချထားဖို့ ဂျပန်နိုင် ငံက စဉ်းစားနေတယ်လို့ နိုင်ငံပိုင်သတင်းစာကနေ ဖော်ပြထားပါတယ်။

စစ်သင်္ဘော သို့မဟုတ် တိုက်လေယာဉ်ပေါ်ကနေ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးကျည်တွေကို နန်ဆိုင်းကျွန်းပေါ် မှာ အဓိက ထားရှိမှာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ တရုတ်ကမ်းရိုးတန်းဒေသတွေအထိ ရောက်ရှိနိုင်တယ် လို့ သတင်းစာက ဖော်ပြထားပါတယ်။

ကိုယ့်ကိုကိုယ် ကာကွယ်ရန်သာ စစ်တပ်ကို အသုံးပြုရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဂျပန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာတစ်ရပ် ချမှတ်ခဲ့ပါတယ်။

Ref: Taipei Times

ဘင်္ဂလားဒေ့ရှ်မှာ လျှပ်စစ် ချွေတာဖို့ ကျောင်းချိန်၊ ရုံးချိန်တွေလျှော့ချ

လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကျဆင်းစေဖို့ ဘင်္ဂလားဒေ့ရှ်မှာ စာသင်ကျောင်းတွေ တစ်ပတ် တစ်ရက်ထပ်တိုး ပိတ်ခိုင်းထားပြီး အစိုးရရုံးတွေနဲ့ ဘဏ်တွေကိုလည်း အလုပ်ချိန် တစ်နာရီ လျှော့ချလိုက်ပါတယ်။

အစိုးရရုံးတွေနဲ့ ဘဏ်တွေက အလုပ်ချိန်ကို ရှစ်နာရီကနေ ခုနစ်နာရီ လျှောလိုက်ပေမဲ့ ပုဂ္ဂလိကရုံးတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်အလုပ်ချိန်တွေကို ကိုယ်တိုင် သတ်မှတ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ လွန်ခဲ့တဲ့လက စက်သုံးဆီဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် မြင်တက်လာခဲ့ပြီး အစိုးရကနေ အထူး သဘောတူညီချက်အနေနဲ့ ရုရှားထံကနေ ဈေးသက်သက်သာသာရတဲ့ လောင်စာဆီကို ဝယ်ယူနိုင်ဖို့ နည်းလမ်း ရှာဖွေနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

နှစ်‌ပေါင်း ၁,၂၀၀ သက်တမ်းရှိ ဇိမ်ခံအိမ်ကြီးကို အစ္စရေးမှာတွေ့ရှိ

အစ္စရေးနိုင်ငံတောင်ပိုင်း Negev သဲကန္တာရမှာ နှစ်ပေါင်း ၁,၂၀၀ သက်တမ်းရှိပြီး နွေရာသီအပူဒဏ်ကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ ထူးခြားတဲ့ မြေအောက်အဆောက်အအုံတစ်ခုကို ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 ထိုအ‌ဆောက်အအုံက Negev ဒေသရှိ ချမ်းသာတဲ့ နေထိုင်သူတွေရဲ့ဘဝ နေထိုင်မှုအကြောင်းတွေကို ထင်ဟပ်နေတယ်လို့ နိုင်ငံရဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေကနေ ဩဂုတ်လ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တူးဖော်တွေ့ရှိခဲ့တဲ့ ဇိမ်ခံအိမ်ကြီးမှာ ခြံဝင်းတစ်ခုနဲ့ တောင်ပံပုံစံ အခန်းပေါင်းများစွာရှိပါတယ်။

အခန်းတွေရဲ့ နံရံနဲ့ ကြမ်းခင်းတွေကို နံရံဆေးရေးပန်းချီတွေ ခြယ်မွှန်းထားကာ မီးဖိုတွေပါ ထည့်သွင်းဆောက်လုပ်ထားသလို အလှဆင်ထားတဲ့ ပန်းကန်ခွက် အကွဲတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Ref: The Times of Israel

အီရန်ကျောထောက်နောက်ခံပြုအဖွဲများကို လေကြောင်းမှ တိုက်ခိုက်ရန် သမ္မတဘိုင်ဒင် အမိန့်ပေး

ဆီးရီးယားနိုင်ငံအရှေမြောက်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေအနီးမှာ ဒုံးကျည်တွေကျရောက်ခဲ့တဲ့ အတွက် အီရန်ကျောထောက်နောက်ခံပြုအဖွဲတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩဂုတ်လ ၂၄ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။

အမေရိကန်တပ်မတော်ကနေဦးစီးတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအနေဖြင့် ဆီးရီးယားနိုင်ငံ Deir ez-Zor ရှိ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

 ထိုအဖွဲတွေရဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှာ ဖြစ်တယ်လို့ အမေရိကန်တပ်မတော် ဗဟိုကွပ်ကဲရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Joe Buccino က ပြောကြားလိုက်တာဖြစ်ပါတယ်။

Ref: CNN

အိန္ဒိယပြည်နယ်နှစ်ခုမှာ ခရမ်းချဉ်သီးတုပ်ကွေးရောဂါဖြစ်ပွားမှု ထပ်မံတွေ့ရှိ

ကိုဗစ်ရောဂါမပြီးပြတ်သေးခင် အိန္ဒိယမှာ မေလမှာ စတင်တွေ့ရှိခဲ့တဲ့ ခရမ်းချဉ်သီးတုပ်ကွေး (Tomato Flu) လို့ ခေါ်တဲ့ ဗိုင်းရပ်စ်အသစ်က အခြားပြည်နယ်နှစ်ခုမှာပါ ထပ်မံပျံ့နှံ့လျက်ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မေလ ၆ ရက်နေ့က ကေးလာနဲ့ ကိုလမ်ပြည်နယ်တွေမှာ ခရမ်းချဉ်သီးတုပ်ကွေးရောဂါကို အသက်ငါးနှစ်အောက် ကလေးငယ်တွေကနေ စတွေ့ခဲ့တာပါ။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကလေးငယ်ပေါင်း ၈၂ ဦးမှာ ကူးစက်မှု ရှိခဲ့တယ်လို့ Lancet အသက်ရှုလမ်းကြောင်းဆိုင်ရာဆေးပညာမဂ္ဂဇင်းကနေ ရေးသားထားပါတယ်။

အခုဗိုင်းရပ်စ်ဟာ အသက်ငါးနှစ်အောက် ကလေးတွေမှာသာ အများဆုံးသက်ရောက်မှုရှိပေမဲ့ အခုအခါ ရောဂါဖြစ်ပွားမှုတွေဟာ အိန္ဒိယအရှေ့ဘက်ရှိ တမီနာဒူးပြည်နယ်နဲ့ အိုဒစ်ရှာပြည်နယ်က ကိုးနှစ်အောက်ကလေးငယ်တွေကိုပါ ကူးစက်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

Ref: Wion