တနင်္သာရီတိုင်းတွင် အလုပ်သမားရှားပါးလာ

0
456

သွင်းအားစုဈေးနှုန်းများအဆမတန် မြင့်တက်နေသဖြင့် ညည်းတွားနေကြသည့် ရော်ဘာနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူတို့မှာ အလုပ်သမားရှားပါးသည့် အခက်အခဲနှင့်ပါ ရင်ဆိုင်လာနေရကြောင်း ဒေသခံတောင်သူများက ပြောဆိုကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် ဒေသခံ အများအပြား အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ ထွက်ခွာသွားကြသည်။

အချို့မှာ မိသားစုအလိုက်ပြောင်းရွှေ့သွားကြသဖြင့် ဒေသတွင်း ရှိရင်းစွဲ လုပ်ငန်းများတွင် ‌ဝင်ရောက်လုပ်ကိုင်မည့် အလုပ်သမားများ ရှားပါးလာခြင်းဖြစ်ကြောင်း ဒေသခံတောင်သူတို့က ပြောဆိုကြသည်။

“ရော်ဘာအ‌နေနဲ့ အခုအခြေအနေပြောရမယ်ဆိုရင် လုံခြုံရေးအခြေအနေကြောင့် အလုပ်သမားငှားလို့ မရဘူး။ အဲဒါစိုးရိမ်နေရတယ်။ ရော်ဘာရာသီရောက်ရင် အစေးခြစ်မယ့်သူမရှိရင် ရှိတဲ့ခြံတွေ ဒီအတိုင်းပဲ ထားရတော့မလို ဖြစ်နေတယ်။ နောက်တစ်ခုကတော့ စက်သုံးဆီလိုမျိုး သွင်းအားစုဈေးနှုန်းတွေ အရမ်းဈေးကြီးလာတယ်” ဟု ထားဝယ်မြို့ရှိ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဒေသထွက်စပါးမှာ ဈေးကွက်တွင် မျက်နှာပန်းမရသဖြင့် လူငယ်များမှာ ယခင်ကတည်းက လယ်ယာ လုပ်ငန်းလုပ်ကိုင်ရန် စိတ်ပါဝင်စားမှုနည်းပါးကြသည်။

ယခုမှာမူ ယခင်လယ်လုပ်ကိုင်နေသူများပင် ပြည်ပသို့ အမြောက်အများ ထွက်ခွာသွားကြသဖြင့် အားနှင့်ခွန်နှင့် လုပ်ကိုင်ရသည့် လယ်ယာလုပ်ငန်းခွင်တွင် လူငယ်များ မရှိသလောက်ဖြစ်သွားကြောင်း လယ်သမားအချို့က ပြောသည်။

“ဦးတို့မှာ အလုပ်သမားငှားမရလို့ လယ်သုံးဧကလောက် စပါးမစိုက်တော့ဘဲ ဒီအတိုင်းထားထားလိုက်ရတယ်။ ရှင်ချင်သလောက်သာရှင်ဆိုပြီး ပစ်ထားလိုက်တော့တယ်။ ဓာတ်ဆား (ဓာတ်မြေဩဇာ) ကလည်း ဈေးကြီးတော့ (စပါး) သေနေတဲ့ လယ်ကွက်ဆိုရင် အရဲစွန့်ပြီး ဓာတ်ဆားမကြဲတော့ဘူး” ဟု လောင်းလုံးဒေသခံ လယ်သမားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ စက်သုံးဆီ၊ ဓာတ်မြေဩဇာကဲ့သို့ သွင်းအားစုဈေးနှုန်း မြင့်တက်လာခြင်းအပြင် အလုပ်သမား ရှားပါးလာခြင်းကြောင့် အလုပ်သမားငှားရမ်းခဈေးနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယခင်က နေ့စားအလုပ်သမားတစ်ဦးလျှင် အများဆုံး ကျပ်တစ်သောင်းဖြင့်သာ ငှားရမ်းရသော်လည်း ယခုမူ အနိမ့်ဆုံးမှာပင် ကျပ်တစ်သောင်းနှစ်ထောင်ဖြစ်နေကြောင်း ထားဝယ်ခရိုင်ရှိ တောင်သူလယ်သမားအချို့က ပြောဆိုကြသည်။

ရော်ဘာတောခုတ်ရန်အတွက် နေ့စားအလုပ်သမားတစ်ဦး (တောခုတ်စက်၊ စက်သုံးဆီ အပြီးအစီး) ၂၅၀၀၀ ကျပ်အထိ ငှားရမ်းနေရကြောင်း ၎င်းတို့က ဆိုသည်။

သွင်းအားစု ဈေးနှုန်းများ ဆက်တက်မြင့်တက်လာပါက ရော်ဘာ၊ လယ်ယာလုပ်ငန်းကို စွန့်ခွာသူများ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း ဒေသခံတောင်သူတို့က မှန်းဆနေကြသည်။