ရေဖြူ ရလိုင်ရွာသား စိတ်ဝေဒနာရှင်တစ်ဦး ပစ်သတ်ခံရ

0
519

ရေဖြူမြို့နယ် ရလိုင်ရွာတွင် ဩဂုတ်လ ၂၄ရက်ညက စိတ်ဝေဒရှင်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ည ၇နာရီခွဲခန့်က ရလိုင်ရွာသား ဦးဝင်းတင်ဆိုသူ၏နေအိမ်ရှေ့တွင် လက်နက်ကိုင်လူတစ်စုက ဦးဝင်းတင် အမည်ကို ခေါ်၍ နေအိမ်ကို ပစ်ခတ်နေစဉ် စိတ်ဝေဒနာသည် အမျိုးသားရောက်ရှိလာရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ ဦးနိုင်သားဆိုသူဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စိတ်ရောဂါခံစားနေရတာ သုံးနှစ်လောက်ရှိပြီ။ အဲဒီညက သေနတ်သံကြားရပြီးနောက် ကြက်သွန်လှီး ဓါးတစ်ချောင်းယူပြီး သူ့အမေ ချုပ်ထားတဲ့ကြားက အဲဒီဘက် ထွက်‌ပြေးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးနိုင်သားကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဦးဝင်းတင်မှာ မိသားစုလိုက် တိမ်းရှောင်ထွက်ပြေးသွားသဖြင့် နေအိမ်တွင် မရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။  

ဦးနိုင်သား၏ ရုပ်အလောင်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဦးဝင်းတင်၏ နေအိမ်အနီး ရွာသားများက တွေ့ရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဦးဝင်းတင်က ပါးစပ်ဖွာတယ်။ PDF ကို ဖမ်းပြမယ်ဆိုပြီးလည်း ပြောဆိုခဲ့ဖူးတယ်။ ဦးနိုင်သားကတော့ ပျူစောထီးလည်း မဟုတ်ဘူး။ ဒလံလည်း မဟုတ်ဘူး” ဟု အခြားဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးနိုင်သား၏အလောင်းကို ဩဂုတ် ၂၅ ရက် ညနေပိုင်းက သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။