ကွမ်းရွက်ဈေး လေးဆခန့်တက်လာ

0
719

အာဏာမသိမ်းမီက ကွမ်းရွက်တစ်စည်း ကျပ်သုံးရာသာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တစ်ထောင့်နှစ်ရာ ပေးဝယ်နေရကြောင်း ကွမ်းယာရောင်းချနေသူများထံမှ သိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ယင်းနှုန်းထားအတိုင်းသာ ဈေးကွက်အတွင်း အရောင်းအဝယ်ရှိခဲ့ရာမှ အောက်တိုဘာလမှစပြီး ကွမ်းရွက်ဈေးများ စတင်တက်ရိပ်ပြလာကြောင်း ကွမ်းယာရောင်းချသူများက ပြောသည်။

“တဖြေးဖြေးနဲ့ တက်လာလိုက်တာ အခုဆိုရင် တစ်ထောင်ကျော်သွားပြီ” ဟု မြိတ်မြို့ရှိ ကွမ်းယာရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။

ကွမ်းရွက်များကို မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုတွင် အများအပြားစိုက်ပျိုးကြပြီး ဖောက်သည်မှတစ်ဆင့် ဈေးများတွင် ပြန်လည်ရောင်းချကြလေ့ရှိသည်။

“ကွမ်းပင်ရေလောင်းဖို့ (စက်မောင်းဖို့) စက်သုံးဆီတွေ ဈေးတက်တယ်။ အစာစရိတ်တွေ ဈေးတက်တယ်၊ သူတို့ တက်တော့ အကုန်တက်ပေါ့” ဟု ကလွင်ကျေးရွာအုပ်စုမှ ကွမ်းခြံစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ကွမ်းရွက်ဈေးတက်သလို ဆက်စပ်ပစ္စည်းများလည်း ဈေးနှစ်ဆတက်လာကြောင်း ကွမ်းရောင်းချသူများက ဆိုသည်။

ယခင်က ရွှေဘာဘာ ဘူးကြီးတစ်ဘူး ရှစ်ထောင်ကျပ်သာရှိရာမှ လက်ရှိတွင် ကျပ်နှစ်သောင်းအထိ ဈေးတက် လာသလို စင်ဂနယ်တဘူးနှစ်ထောင်ကျပ်မှ လေးထောင်ကျပ်အထိ ပေးဝယ်နေရသည်ဟု ၎င်းတို့က ပြောဆိုသည်။

“ဒေါ်လာဈေးတက်တော့ (ကုန်ပစ္စည်းတွေ) အကုန်တက်ပဲ။ တက်ပြီးပြန်ဆင်းတယ်ဆိုလို့ လေယာဉ်တစ်မျိုးပဲ ရှိတော့တယ်” ဟု ကွမ်းယာနှင့် ဆက်စပ်ပစ္စည်း ရောင်းချသူ အမျိုးသားက ပြောသည်။

ကွမ်းရွက်နှင့် ဆက်စပ်ပစ္စည်းများ ဈေးတက်သဖြင့် ကွမ်းယာရောင်းချသည့် ဈေးနှုန်းကိုလည်း အနည်းငယ်တိုးမြင့်
လိုက်ကြကြောင်း ကွမ်းယာရောင်းချသူများကပြောသည်။

“အရင်က စင်ဂနယ်နဲ့ ငါးရာဖိုး ငါးယာရတယ်။ အခုဆို တချို့ဆိုင်က လေးယာ၊ တချို့ဆိုင်က သုံးယာပဲ ရတော့တယ်” ဟု မြိတ်မြို့က ကွမ်းယားစားသုံးသူတစ်ဦးက ပြောသည်။

ကွမ်းရွက်နှင့် ဆက်စပ်ပစ္စည်း ဈေးတက်သော်လည်း ကွမ်းသီးမှာမူ ဈေးမတက်ဘဲ ညှပ်ပြီးသား တစ်ပိဿာ ပုံမှန်ဈေး ကျပ်ရှစ်ထောင်ကျော်သာ ရှိနေသေးကြောင်း ကွမ်းယာရောင်းချသူတို့က ဆိုသည်။