မြိတ်တွင် ရှစ်လအတွင်း ရေတစ်ယူနစ်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာ

0
660

မြိတ်မြို့ပေါ် ရပ်ကွက်အချို့တို့တွင် ယခုနှစ်အစမှစပြီး ဩဂုတ်လအထိ ရှစ်လအတွင်း ရေတစ်ယူနစ်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာကြောင်း မြို့ပေါ်ရပ်ကွက်နေသူတို့မှ သိရသည်။

ယခင် ရေတစ်ယူနစ်လျှင် ၁၃၀၀ ကျပ်မှ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ၁၅၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး‌ မတ်လ ဒုတိယအပတ်မှစကာ ၂၀၀၀ ကျပ်ထိ ထပ်မံ ဈေးမြင့်တက်ခဲ့ကြောင်း မြိတ်တောင်နယ်မြေရှိ ရေမီတာသုံးစွဲနေသူတို့က ပြောသည်။

ယင်းနောက် ဩဂုတ်လတတိယအပတ်တွင် တစ်ယူနစ် ၂၅၀၀ ကျပ်အထိ ဈေးထပ်တက်လာသဖြင့် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လအတွင်း ၁၃၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“ဒါတောင် ဒီလကုန်ရင် ဈေးထပ်တက်ဖို့ရှိသေးတယ်” ဟု မြိတ်တောင်ရပ်ရှိ ရေပေးဝေရေးလုပ်ငန်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ရေပေးဝေးရေးလုပ်ငန်းအတွက် တစ်နေ့လျှင် ဒီဇယ်ဆီ ၁၅ ဂါလံအတွက် ကုန်ကျ‌ငွေ ကျပ်တစ်သိန်းငါးသောင်း ကျော်ရှိနေခြင်း၊ အင်ဂျင်ဝိုင်တစ်ဗူးလျှင် ငါးသောင်းကျော်မှ တစ်သိန်းခြောက်သောင်းကျပ်အထိ ပေး‌ဝယ်နေရခြင်း စသဖြင့် အထွေထွေကုန်ကျမှုစရိတ် ကြီးမြင့်လာသဖြင့် ရေမီတာခဈေးနှုန်း တက်နေရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တစ်ထောင်ကျပ်ကနေ တောက်လျှောက်တက်လာတာ ၂၅၀၀ တောင်ဖြစ်လာပြီဆိုတော့ ရေလျှော့သုံးရတော့မယ်” ဟု မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ရပ်နေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့ပေါ်ရပ်ကွက်တို့တွင် ရေမီတာခဈေးနှုန်း တူညီမှုမရှိဘဲ ကျပ်ရာဂဏန်းခန့် ကွာဟမှုရှိနေပြီး အခြေခံလူတန်းစား အများစု နေထိုင်ရာ မြိတ်တောင်ကျေးရွာနှင့် မြိတ်တောင်နယ်မြေအတွင်းတို့ရှိ ရပ်ကွက်တို့တွင် ရေတစ်ယူနစ် ၂၅၀၀ ကျပ်အထိ ပေးဆောင်နေပြီဖြစ်သည်။