ပုလောတွင် တိုက်ပွဲပြင်းထန်

0
291

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုများ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောကုန်းကျေးရွာတွင် ယနေ့ (ဩဂုတ် ၂၄) နံနက် ၈ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးအသံတွေရော လက်နက်ငယ်အသံတွေပါကြားရတယ်။ မွန်းတည့်အချိန်ထိ လက်နက်ကြီးနဲ့ ပစ်တုန်း” ဟု ဒေသခံအမျိုးသားက ပြောသည်။

ပုလောမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ မိနစ် ၃၀ ခန့် ကြာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) က ယနေ့ ညနေတွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ယာဉ်တန်းမှာ မိုင်း ၂ ကြိမ် အခွဲခံရသေးကြောင်းလည်း ဒေသခံများကပြောသည်။

“မိုင်တိုင် ၄ မှာ တစ်လုံး တပိုရွာနားမှာတစ်လုံး ပေါက်ကွဲသံကြားရတယ်။ ကားမှန်တွေ ကြေကုန်တယ်လို့  မြင်လာသူတွေကပြောတယ် ထိခိုက်မှုတော့မသိဘူး” ဟု ဒေသခံ အမျိုးသား ကပြောသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ထားဝယ်မှဆင်းလာသည့် စစ်ယာဉ်တန်းအား မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုလောကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး မိုင်းဆွဲမှုတွင်တော့ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။