ကော့သောင်း၌ ထိုင်းမှပြန်လွှဲပေးသူ ၂၅ဦးတွင် ကိုဗစ်ထပ်တွေ့

0
283
Covid_KT
ဓာတ်ပုံ-ကိုဗစ်ပိုး‌တွေ့ရှိသူတို့အား ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်သို့ ပို့ဆောင်ခဲ့သည်။

ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမား ၂၅ ဦးတွင် ယနေ့ ကိုဗစ်ပိုးတွေ့ရှိ ကြောင်း ကော့သောင်းမြို့ကျန်းမာရေးဦးစီးဌာနက၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။

ဩဂုတ်လ ၁၇ ရက်နေ့က ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် ၂၅ ဦးတွင် ယနေ့ (ဩဂုတ် ၂၄) ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦး စုစုပေါင်း ရှစ်ဦးတို့တွင် ဩဂုတ်လ ၁၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးဖြစ်သည်။

ယင်းနောက် ကွာရန်တင်းစခန်းရှိ ကျန်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အနက် ဩဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁၉ ဦး စုစုပေါင်း၂၅ ဦးတို့တွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေအဏ္ဏဝါ ပရဟိတ လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ခုပိုးတွေ့တဲ့သူတွေကို နောက်ထပ်တစ်ပတ် (ခုနှစ်ရက်) ကွာရန်တင်း ဆက်ထားထားရတယ်” ဟု ၎င်းက ဆိုသည်။

ကော့သောင်းမြို့တွင် ဩဂုတ်လ ၃ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၁၂ ဦး၊ ၁၇ ရက်နေ့တွင် ၉ ဦး၊ ၁၈ ရက်နေ့တွင် ၁ ဦး၊ ၁၉ ရက်နေ့တွင် ၈ ဦး၊ ၂၀ ရက်နေ့တွင် ၁ ဦး၊ ၂၃ ရက်နေ့တွင် ၁ ဦး စုစုပေါင်း ၃၂ ဦးရှိခဲ့ပြီးဖြစ်သည်။

ယနေ့တွင် ၂၅ ဦး ထပ်မံတွေ့ရှိသဖြင့် ကိုဗစ်ပိုးတွေ့သူ စုစုပေါင်း ၅၇ ဦးအထိရှိလာနေပြီဖြစ်သည်။