ထိုင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည့် မြန်မာလုပ်သားတစ်ဦး၏ အလောင်းတွေ့

0
408

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာအလုပ်သမားတစ်ဦး၏ အလောင်းကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နခွန်ပထုန်ခရိုင် စမ်ဖရာန်ဒေသရှိ လမ်ထွန်းကြက်သားစက်ရုံအရှေ့ရှိ လူကူးတံတားပေါ်တွင် ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသော အလုပ်သမားတစ်ဦး၏အလောင်းကို တွေ့ရှိရသဖြင့် လမ်းသွားလမ်းလာတစ်ဦးက ဖို့ကယ်ဝ်ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားတွင် ထိုးသွင်းဒဏ်ရာအပါအဝင် ဒဏ်ရာ ၁၀ ချက်ထက်မနည်းရရှိကာ သေဆုံးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

သေဆုံးသူထံတွင် ရှာဖွေရာ ဘတ်ငွေ ၁၈၀ နှင့်အတူ မြန်မာဘာသာဖြင့်ရေးသားထားသော အလုပ်အကိုင်ရှာဖွေ‌ရေး ပက်စ်ပို့လုပ်ငန်း ခရီးသွားလုပ်ငန်း စသော စာသားများပါသည့် အထောက်အထားတစ်ခု တွေ့ရှိရသဖြင့် မြန်မာအလုပ်သမားဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု ဖော်ပြထားသည်။

သေဆုံးသူမှာ အသက် ၃၀ အရွယ် စောရဲမင်း ဆိုသူဖြစ်ပြီး ၎င်းသည် ထိုတံတားပေါ်တွင် အမြဲအိပ်နေတတ်သူဖြစ်ပြီး လမ်းသွားနေသူများထံမှ ပိုက်ဆံတောင်းကာနေနေကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားမျးအရေး ဆောင်ရွက်နေသည့် (Labour Protection Network) LPN-Myanmar ထံမှ သိရသည်။

“အခုလက်ရှိကတော့ မြန်မာပြည်က သူ့မောင်နှမတွေက ဆက်သွယ်လာပြီ။ သံရုံးကိုလည်း ဆက်သွယ်ထားပြီးပြီ။ အလောင်းကတော့ မှုခင်းရဲတွေလက်ထဲပဲ ရှိနေသေးတယ်” ဟု LPN-Myanmar မှ တာဝန်ရှိသူ ကိုဖြိုးက ဖြေကြားထားသည်။

၎င်းသည် ကြက်သားစက်ရုံတွင် MoU စနစ်ဖြင့် တရားဝင် လာရောက်လုပ်ကိုင်သည့် အလုပ်သမားတစ်ဦးအဖြစ် အမည်စာရင်းရှိနေသော်လည်း လက်ရှိယင်းစက်ရုံ၌ အလုပ်မလုပ်တော့ကြောင်း ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များမှ သေဆုံးသူရုပ်အလောင်းကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် အသေးစိတ် ထပ်မံ စစ်ဆေးရန် ရုပ်အလောင်းအား စီရီရပ်ဆေးရုံမှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ခဲ့ကြကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ဖြစ်စဉ်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အနီးရှိ CCTV မှတ်တမ်းများကို စစ်ဆေးသွားကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

Ref: MGR Online, CH 7 News HD