စင်္ကာပူတွင် လိင်တူဆက်ဆံမှု တားမြစ်ထားသည့်ဥပဒေ ပုဒ်မ ၃၇၇ ကိုပယ်ဖျက်

0
755

ဝန်ကြီးချုပ် လီရှန်လွန်းက ကိုလိုနီခေတ်ဥပဒေဖြစ်သော လိင်တူစုံမက်ခြင်းကို ဥပဒေအရ ပိတ်ပင်ထားခြင်းကို ဖယ်ရှားလိုက်ကြောင်း ကြေညာလိုက်ပြီးနောက် စင်္ကာပူသားအချို့ ပျော်ရွှင်ဝမ်းမြောက်စွာ အောင်ပွဲခံလျက် ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။

“လူသားမျိုးနွယ်အတွက် အောင်ပွဲတစ်ရပ်” ဖြစ်ကြောင်း LGBT အရေး တက်ကြွလှုပ်ရှားသူများက ယင်းသို့ ရရှိခြင်းကို ခိုင်းနိူင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ မိန့်ခွန်းထဲတွင် အစိုးရအနေဖြင့် လက်ထပ်ခြင်းဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဥပဒေအရ ပိုမို အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထည့်ပြောသွားသဖြင့် လိင်တူလက်ထပ်ခြင်းကို တရားဝင် ပြုနိုင်ရေး ပိုမိုခက်ခဲသွားမည်လောဟု စိုးရိမ်မှုများလည်း ရှိသည်။

စင်္ကာပူနိုင်ငံသည် ရှေးရိုးစွဲသည့် အယူအဆများရှိသည်ဟု သတ်မှတ်ခံရပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက စတင်ကာ ကိုလိုနီခေတ်ဥပဒေ ပုဒ်မ၃၇၇ ကို ဖယ်ရှားပေးရန် တောင်းဆိုမှုများ မြင့်တက်လာသည်။

အိန္ဒိယ၊ ထိုင်ဝမ် နှင့် ထိုင်းနိုင်ငံတို့တွင် လိင်တူအခွင့်အရေးတောင်းဆိုမှုများ အောင်မြင်ခဲ့ပြီးနောက် စင်္ကာပူကလည်း နောက်ထပ်တစ်နေရာအဖြစ် တောင်းဆိုမှုများ ရှိလာသည်။

အစိုးရက ယခင်အချိန်များတွင် ပုဒ်မ ၃၇၇ ကို ဆက်လက်ထားရှိရန် မူဝါဒထားခဲ့သော်လည်း အဆိုပါ ဥပဒေကို မကျင့်သုံးပါဟု ဆိုထားသည်။

သို့သော်ပြီးခဲ့သည့် တနင်္ဂနွေနေ့ က အဆိုပါ ဥပဒေကို ဖျက်သိမ်းတော့မည်ဟု မစ္စတာလီက ပြောကြားခဲ့ပြီး “ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ စင်္ကာပူသားတွေ လက်ခံကြမှာပါ” ဟု ပြောကြားခဲ့သည်။