ထိုင်းတွင် လျှပ်စစ်မီတာခဈေးမြင့်တက်မှု မြန်မာလုပ်သားများ ပိုခက်ခဲလာနိုင်

0
224
ထိုင်းရောက်မြန်မာလုပ်သား| ဓာတ်ပုံ - REUTERS

ထိုင်းနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် လျှပ်စစ်မီတာခပါ ဈေးတက်တော့မည်ဖြစ်ရာ မြန်မာအလုပ်သမားများအတွက် အခက်အခဲပိုမိုရင်ဆိုင်ရနိုင်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားများကို မေးမြန်းချက်အရ သိရသည်။

ပြည်တွင်းတွင် ဓာတ်ငွေ့ထုတ်လုပ်မှုလျော့ကျလာ၍ LNG (Liquefied Natural Gas) ဓာတ်ငွေ့ကို ပြည်ပမှ ဈေးကြီးပေးတင်သွင်းနေရသဖြင့် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ မီတာခလက်ရှိဈေးနှုန်း၏ ၁၈ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

တစ်ယူနစ်ဈေးနှုန်း ၄ ဘတ်မှ ၄ ဒသမ ၇၂ ဘတ်သို့ တိုးမြင့်ကောက်ခံမည်ဖြစ်သည်။ ထိုင်းနိုင်ငံသားများနည်းတူ မြန်မာအလုပ်သမားများလည်း ပေးဆောင်ကြရမည်ဖြစ်ပြီး ဥပမာ မီတာခ တစ်လ ၁၀၀ဝဘတ် ကုန်ကျနေသူများသည် နှုန်းထားသစ်အရ ၁၁၈၀ ဘတ်ကုန်ကျတော့မည်ဖြစ်သည်။

ထိုင်းရောက်မြန်မာအလုပ်သမားများအတွက်မူ အခြေခံလုပ်ခလစာ မတိုးလာသော်လည်း ကုန်ကျစရိတ်နောက်တစ်ခု ထပ်မံတိုးလာခြင်းဖြစ်သည်။

“ဒီနှုန်းထားက OT (အချိန်ပိုကြေး) ပုံမှန်ရနေတဲ့သူတွေအတွက်ကိစ္စမရှိပေမယ့် OT မရှိဘဲ လုပ်နေရတဲ့သူတွေအတွက် တော့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး။ ထိုင်းမှာက ကုန်ဈေးနှုန်းကလည်းတက်၊ (ယာယီနေထိုင် လုပ်ကိုင်ခွင့်ကတ်) ပန်းရောင်ကတ်ကလည်း လုပ်ရသေး။ ကြားထဲ မီတာခပါ ထပ်တက်လိုက်ဦးမယ်ဆိုတော့ ကျွန်တော်တို့ မြန်မာတွေ မိအေးနှစ်ခါနာပေါ့” ဟု ချွန်ဖွန်ခရိုင်တွင် နေထိုင်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ပန်းရောင်ကတ်မရရှိသေးသည့်အတွက် လက်ရှိလုပ်ကိုင်နေသော သံပန်းလုပ်ငန်းတွင် အချိန်ပို မလုပ်ရဘဲ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာလုပ်ရပြီး တစ်ရက်လုပ်အားခ ဘတ် ၃၀၀ သာရရှိနေကြောင်း ၎င်းက ဆိုသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း တရားဝင်အထောက်အထား တစ်စုံတစ်ရာမရှိသေးခင် အချိန်တွင် စားသောက်နေထိုင်ရေးအတွက် ပုံမှန်လစာ မရရှိနိုင်သော အခြေအနေများလည်းရှိကြောင်း ထိုင်းတွင် ၁၀ နှစ် နီးပါး လုပ်ကိုင်လျက်ရှိသော အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သားတစ်ဦးက ပြောသည်။

“ဘတ် (ပန်းရောင်ကတ်) မရှိတဲ့အချိန် မြန်မာလုပ်သားတွေ လုပ်ရတဲ့အလုပ်တွေက ပုံမှန်နေ့စားခ မရတာတွေများတယ်။ ၂၀၀ တို့ ၃၀၀ တို့နဲ့ ဘတ်မရှိခင် ဖြစ်သလို လုပ်နေကြတဲ့သူတွေ အများကြီး” ဟု ၎င်းက ဆိုသည်။

ထိုင်းအစိုးရက မြန်မာအပါအဝင် လေးနိုင်ငံမှ တရားမဝင်အလုပ်သမားများအတွက် ပန်းရောင်ကတ် လုပ်ခွင့်ပြုထားပြီး ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းခွင့်ပြုခဲ့သည်။

ယင်းကတ်အတွက် ကုန်ကျစရိတ်ကိုလည်း မြန်မာအလုပ်သမားများအနေဖြင့် ချေးငှားလုပ်ကိုင်နေကြရကြောင်း ၎င်းတို့ကို မေးမြန်းချက်များအရ သိရသည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် ငွေကြေးဖောင်းပွမှု နှုန်းမှာ ၇ ဒသမ ၆၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အထက်ပါ အခြေအနေမျိုးတွင် လျှပ်စစ်မီတာခပါ ထပ်မံတိုးမြှင့်လာမည်ဖြစ်သဖြင့် ပိုမိုခက်ခဲလာနိုင်သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားများက ပြောဆိုကြခြင်းဖြစ်သည်။

ထိုင်းအလုပ်သမားဝန်ကြီး Suchart Chomklin ကမူ ထိုင်းနိုင်ငံအတွင်း ကိုဗစ်ရိုက်ခတ်မှုကို ကျော်လွှားနိုင်ရန် အလုပ်သမားများ၏ တစ်ရက် လုပ်အားခကို ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် စီစဉ်နေသည်ဟု ပြောဆိုကြောင်း REUTERS သတင်းဌာနသို့ ပြောကြားထားသည်။

လက်ရှိတွင် တစ်ရက်အခြေခံလုပ်အားခ ဘတ် ၃၁၃မှ ၃၃၆ နှင့် အချိန်ပိုကြေး တစ်နာရီ ၆၂ ဘတ် သတ်မှတ်ထားသည်။

လစာတိုးပေးမည့်အစီအစဉ်မှာ ၂၀၂၀ နောက်ပိုင်း ၂ နှစ်ကျော်အကြာတွင် ပထမဆုံးအကြိမ် တိုးမြှင့်ပေးရန် ပြောဆိုလိုက်ခြင်းဖြစ်ပြီး တစ်ရက်လုပ်အားခ ၃၂၉မှ ၃၅၃ ဘတ်သို့ ခရိုင်အလိုက်တိုးမြှင့်သွားမည်ဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် တိုးမြှင့်ပေးရန်လိုလားနေကြောင်း ဝန်ကြီးက ပြောဆိုထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သန်းနှင့်ချီရှိပြီး အာဏာသိမ်းပြီးနောက်တွင် ပြည်တွင်း၌ မလုံခြုံမှု၊ အလုပ်အကိုင် ရှားပါးကာ စားဝတ်နေရေးကျပ်တည်းမှုတို့ကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် နေ့စဉ်နီးပါးဝင်ရောက် လျက်ရှိကြသည်။