ကဏန်းမဲဈေးပြန်တက်သော်လည်း စရိတ်ကြီးမြင့်မှုကြောင့်တွက်ခြေမကိုက်သေးဟုဆို

0
327
မြိတ်မြို့ရှိ ကဏန်းအဝယ်ဒိုင်တစ်ခု။

မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းပြန်တက်နေသော်လည်း ကဏန်းဖမ်းရသည့် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် တွက်ခြေမကိုက်သေးကြောင်း ကဏန်ဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတို့က ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းက ကဏန်းမဲကို ထိုင်းသို့တင်ပို့နေကျဖြစ်သည့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်ခဲ့သဖြင့် ကဏန်းမဲဆိုဒ်စုံတစ်ပိဿာလျှင် တစ်သောင်းရှစ်ထောင်ကျပ်မှ ကိုးထောင်ကျပ်အထိ ထိုးကျခဲ့သည်။ ဩဂုတ်လ ၂ ရက်နေ့တွင် နယ်စပ်ဂိတ်ပြန်ဖွင့်ခဲ့သဖြင့် ၁၃၀၀၀ ကျပ်အထိ ဈေးပြန်တက်လာခဲ့သည်။

“ကိုယ့်ပစ္စည်း ဈေးပြန်တက်တာ ဝမ်းလာလို့မရသေးဘူး။ ကုန်ဈေးနှုန်းတက်နေတာ ကြည့်ကြည့်လေ။ ဒီဇယ်ဆို လိုသလောက်ဝယ်တာ မရသေးဘူး” ဟု အင်းလေးမြိုင်ရပ်နေ ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူ အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကဏန်းမဲဖမ်းလုပ်ငန်း တစ်ရက်တာအတွက် ဒီဇယ်ဆီ၊ ဂဏန်းအစာ၊ စားသောက်စရိတ်စသဖြင့် ကျပ်နှစ်‌သောင်း ဝန်းကျင်အထိ ကုန်ကျနေပြီး တစ်ရက်ပျမ်းမျှ ရရှိသည့် ကဏန်းနှစ်ပိဿာအတွက် ငွေနှစ်သောင်း ခြောက်ထောင်ကျပ်သာ ရရှိနေကြောင်း ၎င်းက ဆိုသည်။

“ဒါတောင် ကိုယ့်လှေ ကိုယ့်လူနဲ့ဖမ်းတာ။ တစ်ရက်တစ်ရက် အများဆုံးကျန် ၈၀၀၀ ပဲ” ဟု ၎င်းက ပြောဆိုသည်။

မေလအတွင်းက ကဏန်းမဲဈေး တစ်ပိဿာလျှင် ကိုးထောင်ကျပ်အထိ ဈေးကျဆင်းခဲ့သဖြင့် ကဏန်းဖမ်း လုပ်ကိုင်သူအချို့နှင့် အဝယ်ဒိုင်များ ရပ်နားခဲ့ရသည်။

လက်ရှိတွင် ကဏန်းဈေးပြန်တက်သဖြင့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ကြသော်လည်း ကုန်ကျစရိတ် ကြီးမြင့်လာမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဂဏန်းဖမ်းလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောပြသည်။

“တစ်ရက် လေးငါးရှစ်ထောင်ရလည်း စားဖို့အတွက်တော့ လုပ်ရမှာပဲ။ အခြားအလုပ်လည်း မလုပ်တတ်တော့လေ” ဟု ကဏန်းဖမ်းလုပ်ငန်းသက်တမ်း နှစ် ၂၀ ကျော်ရှိ အသက် ၅‌၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

တစ်ပိဿာလျှင် နှစ်သောင်းနှစ်ထောင်ကျပ်မှ အများဆုံး နှစ်သောင်းရှစ်ထောင်ကျပ်အထိ ဈေးကောင်းရနေသည့် ကဏန်းမဲဈေးကွက်သည် ကိုဗစ်ရောဂါ ဖြစ်ပေါ်ပြီးအချိန်မှစပြီး တဖြေးဖြေးထိုးကျခဲ့ရာ မေလမတိုင်မီအချိန်က တစ်သောင်းရှစ်ထောင်အထိ ရရှိခဲ့သည်။

ကိုဗစ်မတိုင်မီအချိန်က တစ်ရက် ကုန်ကျစရိတ် ‌အများဆုံး ကျပ်တစ်သောင်းကျော်ကျော်သာရှိခဲ့ပြီး ကျပ်နှစ်သောင်းမှ သုံးသောင်းကျော်အထိ အကျိုးအမြတ်ရရှိခဲ့ဖူးကြောင်း အထက်ပါ အသက် ၅‌၀ကျော်အရွယ် အမျိုးသားက ပြောဆိုသည်။

ကဏန်းမဲတို့အား ထိုင်းသို့ တင်ပို့ရာတွင် ဒီဇယ်ဆီအပါအဝင် ကုန်ကျစရိတ်များလာသဖြင့် အတတ်နိုင်ဆုံး ဈေးနှုန်းဖြင့် ဝယ်ယူပေးနေကြောင်း ကျွန်းစုမြို့နယ်ရှိ ကဏန်းမဲအဝယ်ဒိုင်လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။

မြိတ်ဒေသထွက် ကဏန်းမဲတို့အား သစ်သားခွံ စက်တပ်လှေငယ်များဖြင့် မြစ်၊ ချောင်းများအတွင်း ရေရောက်သည့် အချိန် ကဏန်းခုတ် (ကဏန်းဖမ်းသံမြုံး) တို့ဖြင့် ဖမ်းယူလေ့ရှိကြသည်။