လယ်သမားများ စရိတ်သက်သာရန် ရိတ်သိမ်းခြွေလှေ့စက်များ ချပေးမည်ဟုဆို

0
681

မြိတ်ခရိုင်အတွင်းရှိ တောင်သူလယ်သမားများ စရိတ်သက်သာစေရန်အတွက် ရိတ်သိမ်းခြွေလှေ့စက် ၁၀ စီးချပေးသွားမည်ဟု သိရှိရကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမောင်ထွေး ထံမှသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြိတ်မြို့သို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ရောက်ရှိစဉ် လယ်သမားများအတွက် ရိတ်သိမ်းခြွေလှေ့စက် ဆယ်စီးအား ချပေးမည်ဟု ကတိပေးပြောဆိုသွားကြောင်း ၎င်းကပြောသည်။

“တောင်သူတွေရဲ့ အခက်အခဲကို တင်ပြပြီး တောင်းဆိုခဲ့တယ်။ ဒီအပေါ်မှာ ဝန်ကြီးချုပ်ကလည်း ဆောင်ရွက်ပေးမယ်လို့ ကတိပေးသွားတယ်”ဟု ဆန်စက်လုပ်ငန်းရှင်ကြီး တစ်ဦးလည်းဖြစ်သည့် ၎င်းကပြောသည်။

မြိတ်ခရိုင်အတွင်းရှိ စပါးစိုက်တောင်သူများ ယခုနှစ်မိုးရာသီ စပါးစိုက်ကာလအတွင်း စက်သုံးဆီ၊ ဓါတ်မြေသြဇာနှင့် အထွေထွေသွင်းအားစုများ မြင့်တက်မှုကြောင့် အရှုံးခံကာ စိုက်ပျိုးခဲ့ကြရသည်။

ယင်းအပေါ် တောင်သူများ သက်သာစေရန် ရည်ရွယ်၍ တောင်းဆိုပေးခဲ့သည်ဟု ဦးမောင်ထွေး ကဆိုသည်။

“စက်တွေရောက်လာရင်တော့ အပြင်ပေါက်စျေးထက် အများကြီးသက်သာအောင်တော့ စီစဉ်ဆောင်ရွက်ပေးသွားဖို့ရှိတယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် ချပေးခဲ့သည့် စက်များအရင်းကြေကာလ တစ်ခုသို့ရောက်ရှိလျှင် တောင်သူပိုင် ပစ္စည်းအဖြစ် သတ်မှတ်ပေးသွားမည်ဟု ဦးမောင်ထွေး ကရှင်းပြသည်။

ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်မည်ဆိုပါက တစ်နာရီလျှင် ၁ ဧကနှုန်း ပြီးမြောက်ပြီး လက်ရှိ စက်သုံးဆီ ၁ ပီပါ ၆ သိန်းခွဲနှုန်းထားဖြင့် တွက်လျှင် ၁ နာရီအတွက် ရိတ်သိမ်းခြွေလှေ့ခ ကျပ် ၁ သိန်းဝန်းကျင် ကျသင့်မည်ဟု ရိတ်သိမ်းခြွေလှေ့စက် အငှါးလိုက်နေသည့် လုပ်ငန်းရှင်က ခန့်မှန်းသည်။

“ဒီဇယ်ဆီစျေးအတက် အကျပေါ် မူတည်တာပေါ့ ဆီစျေးကျရင် ရိတ်သိမ်းခနှုန်းထား ကျမယ် ဆီစျေးတက်ရင် နှန်းထားတက်မယ်”ဟု ၎င်းကပြောသည်။

အာဏာမသိမ်းမီက လယ်တစ်ဧက အစအဆုံး ကုန်ကျစရိတ် ကျပ် တစ်သိန်းကျော်သာ ကျခဲ့သော်လည်း လက်ရှိတွင် လေးသိန်းဝန်းကျင်အထိ ကုန်ကျနေသည်ဟု လယ်သမားများ ထံမှသိရသည်။

မြိတ်မြို့နယ်ရှိ လယ်တစ်ဧက စပါးထွက်နှုန်း အနည်းဆုံးငါးဆယ်တင်းနှင့် အများဆုံးတင်းရှစ်ဆယ်အထိ ပုံမှန်ထွက်လေ့ရှိကြောင်း လယ်သမားများ ထံမှသိရသည်။

ယခုနှစ်နွေရာသီက စပါး ၁ တင်း ၇၀၀၀ ခန့်သာရှိပြီး လက်ရှိတွင် စပါး ၁ တင်း ကျပ် ၁၁၀၀၀ အထိပေါက်စျေးရှိနေကြောင်း လယ်သမားများနှင့် စပါးရောင်းဝယ်သူ အသိုင်းအဝိုင်းမှသိရသည်။

မြိတ်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနေသည့် လယ်ဧကလေးသောင်းကျော်နှင့် တောင်သူသုံးထောင်ကျော်ရှိကြောင်း မြိတ်မြို့နယ် လယ်ယာနှင့်စိုက်ပျိုးရေးဦးစီးဌါန စာရင်းအရ သိရသည်။