ရပ်နားထားသော ဇမ္ဗူသီရိအဖွဲ့ မနက်ဖြန်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပတ်မည်

0
293

ရပ်နားထားသည့် ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီ‌သယ်ဆောင်ရေးအဖွဲ့  မနက်ဖြန်(ဩဂုတ် ၂၃)မှစပြီး အရေးပေါ်လူနာများကို ပြန်လည်ကူညီ သယ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့မှစပြီး ရန်ပုံငွေပြတ်လပ်မှုနှင့် စက်သုံးဆီ ဝယ်ယူရရှိနိုင်မှု အခက်အခဲကြောင့် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ကို ယာယီရပ်နားထားခြင်းဖြစ်သည်။

သို့သော်ဒေသခံပြည်သူများ၏ အဆက်မပြတ် အကူအညီ တောင်းခံလာမှုကြောင့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး ပုံမှန်အတိုင်း ပြန်လည်ကူညီ ဆောင်ရွယ်ပေး‌တော့မည် ဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။

“အဓိကကတော့ ပြည်သူတွေအခက်အခဲကြောင့်ပေါ့ ဒီကာလမှာအခက်အခဲတွေ အများကြီး ကျွန်တော်တို့မှာ အကူအညီတောင်းခံလာတိုင်း ငြင်းဖို့မဝံမရဲဖြစ်မိတယ်။ ရန်ပုံငွေ မလောက်ရင် အိတ်စိုက်ပြီး တက်နိုင်သလောက် ကူညီမယ်လို့ ဆုံးဖြတ်ထားတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။

ရပ်နားထားသည့် ၁၁ ရက်ကြာကာလအတွင်း လစဉ်အလှူရှင်များနှင့် ဒေသခံလုပ်ငန်းရှင်များ၏ အကူအညီပေးမှုကြောင့် ယခုကဲ့သို့အချိန်တိုအတွင်း ပြန်လည် လည်ပတ်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့ထံမှသိရသည်။

“အဓိကကတော့ အချိန်တစ်ခုထိ စောင့်လို့မရဘူးလေ။ အခုချိန်မှာ အခက်အခဲရှိနေသေးတယ်။ ရန်ပုံငွေလည်း မလုံလောက်သေးဘူး။ အဲဒီထဲက ရသလောက် နိုင်သလောက် လုပ်ပေးတာပါ”ဟု ထိုသူကပြောသည်။

ထို့ကြောင့် ယခုကာလအတွင်း ပြည်သူလူထု၏အခက်အခဲကို ကူညီနိုင်ရန် ရန်ပုံငွေနှင့် စက်သုံးဆီ ရရှိနိုင်မှုအခက်အခဲများအတွက် ယင်းအဖွဲ့၏ရုံးခန်းတွင် အလှူခံဌာန ဆက်လက်ဖွင့်ထားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

ယင်းသို့ထားဝယ်ခြေစိုက် ပရဟိတမိခင်အဖွဲ့ကြီးတစ်ခုကနေပြီး ယခုကဲ့သို့ အခက်အခဲအကြားမှ ရက်တိုအတွင်း ပြန်လည်လည်ပတ်လာခြင်းအပေါ် အဖွဲ့ငယ်တစ်ခုအနေဖြင့် အားတက်မိသည်ဟု လောင်းလုံးမြို့နယ် ကျေးရွာအခြေစိုက် အရေးပေါ် လူနာကူညီသယ်ဆောင်ရေး ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကျွန်တော်တို့အတွက်လည်း အားရှိတာပေါ့ တစ်ခါတလေ ညရေးညတာ သူရဲ့ညွှန်ကြားမှုနဲ့ လုပ်ရတာတွေရှိတယ်။ အခုလို ပြန်လည်လည်ပတ်မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာပါတယ်”ဟု ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှစ၍ ဆယ်နှစ်ကျော်ကာလအထိ ထားဝယ် လုထု၏ အရေးပေါ်လူနာ များကူညီသယ်ဆောင်ပေးခဲ့သည်။

ရန်ပုံငွေပြတ်လပ်ခြင်းနှင့် စက်သုံးဆီဝယ်ယူရရှိနိုင်မှု အခက်အခဲ တို့ကြောင့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့မှစ၍ ယာယီရပ်နားမည်ဟု ယင်းအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ဒေသခံအလှူရှင်များ၏ လှူဒါန်းမှုကြောင့် ၁၁ ရက်အကြာတွင် ပြန်လည်စတင်နိုင်ခဲ့ ခြင်းဖြစ်သည်။

ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး ပုံမှန်အတိုင်း အောက်ပါဖုန်းနံပါတ်များဖြစ်သော ရုံးဖုန်း ၀၉၄၉၁၀၀၁၅၆| ၀၉၂၅၁၁၄၂၁၅၅ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။