ထားဝယ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် တစ်သိန်းကျော်ဖြစ်လာ

0
298

ထားဝယ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ်တစ်သိန်းကျော် ဈေးဖြစ်နေပြီး ရန်ကုန်ပွဲရုံများထံမှ ဆန်ကို လိုသလောက် မှာယူ၍ မရကြောင်း ဆန်‌အရောင်းဆိုင်အချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ တစ်လကျော်အတွင်း ရွှေဘိုပေါ်ဆန်းမွေး ၂၄ ပြည်ဆန်တစ်အိတ်ကို ‌၇၂,၀၀၀ ကျပ်မှ ၁၀၁,၀၀၀ ကျပ်အထိ ဖြစ်လာပြီး ၂၉၀၀၀ ကျပ်ဈေး မြင့်တက်သွားသည်ဟု ဆန်အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

“ရန်ကုန်ဆန်ပွဲရုံတွေက ဈေးတက်ရင် ဒီမှာလည်းတက်တာပဲ။ ရှေ့ဆက်တက်မတက်ဆိုတာက ရန်ကုန်ဈေး အပေါ်မှာပဲ မူတည်တယ်” ဟု ၎င်းက ဆိုသည်။

ဆန်အများဆုံးထွက်ရှိရာ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းက စပါးဟောင်းပြတ်လုနီးပါးဖြစ်နေပြီး ဆန်ကို လိုသလောက် မှာယူ၍ မရသဖြင့် ဆန်ဈေးမှာ ဆက်တက်နိုင်သည်ဟု ဆန်ကုန်သည် အချို့က ပြောဆိုသည်။

“ကျွန်မတို့ ဆန်အိပ် ၅၀၀ မှာရင်၂၅၀ လောက်ပဲ ရတော့တယ်။ A1 အမျိုးအစား ဆန်ဆိုရင် မှာလို့တောင် မရတော့ဘူး” ဟု ဆန်ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော် ထားဝယ်တွင် ဖြစ်ပေါ်နေသော ဆန်တစ်အိတ်တန်ဖိုးမှာ တစ်ဆိုင်နှင့် တစ်ဆိုင်မတူကြပေ။ ဆိုင်အချို့တွင် ၁သိန်းဝန်းကျင်ဖြင့် ရောင်းချနေသော်လည်း ဆိုင်အချို့တွင် ကိုးသောင်းကျော်ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

“အမြတ်ယူတဲ့အပေါ်မှာမူတည်တယ်။ ကျွန်မတိုဆိုင်မှာကတော့ ဒီနေ့အထိ တစ်သိန်းအထိ မရောင်းရသေးဘူး” ဟု ဆန်အရောင်းဆိုင် ဖွင့်လှစ်ထားသူအမျိုးသမီးတစ်ဦးက ဆိုသည်။

ထားဝယ်တွင်ဇူလိုင်လ ၁၅ ဩဂုတ် ၁၉ ရက်နေ့အထိ တစ်ကျော်အတွင်း အကယ်ဒမီ ဆန်းကြမ်းတစ်အိတ်ကို ၃၉၀၀၀ ကျပ်မှ ရှစ်ထောင်ခန့် ဈေးတက်လာသဖြင့် ၄၇၀၀၀ ကျပ်ဖြစ်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ပေါ်ဆန်းအကယ်ဒမီအစိမ်းတစ်အိတ်ကို ၆၀၀၀၀ ကျပ်မှ တစ်သောင်းကျပ် ဈေးတက်ကာ ၇၂၀၀ဝကျပ်ဖြစ်လာပြီး ပေါ်ဆန်းအကယ်ဒမီအနီတစ်အိတ်ကို ၅၂၀၀၀ ကျပ်မှ တစ်သောင်းကျပ်ဈေးတက်ကာ ၆၃၅၀ဝကျပ် ဖြစ်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။