ဘတ်၊ ရွှေနှင့် စက်သုံးဆီစျေး သုံးသပ်ချက်

0
860

တနင်္သာရီတိုင်းသားများအတွက် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေး အပြောင်းအလဲက နေ့စဉ်လူမှုဘဝအပေါ် သက်‌ရောက်မှုများစွာဖြစ်ပေါ်စေသည်။

ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်သည့်ကာလတွင် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေးနှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ အပြောင်းအလဲများစွာဖြစ်ပေါ်နေသည်။

ယင်းကြောင့် အလှုပ်အခတ်များနေသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးတို့ကို Dawei Watch က အပတ်စဉ် စုစည်း သုံးသပ်ဖော်ပြပေးနေခြင်းဖြစ်ပြီး ယခုအပတ်တွင်လည်း ယင်းကုန်စည် သုံးခုစလုံးမှာ အလှုပ်အရမ်းများနေဆဲဖြစ်သည်။

အတက်အကျမြန် ရွှေဈေး

အတက်ဈေးသာ ရှိနေခဲ့သည့် ရွှေ‌ဈေးနှုန်းသည် ယခုအပတ်တွင် အနည်းငယ်ပြန်ကျခဲ့သည်။

အမေရိကန် ဒေါ်လာတန်ဖိုးနှင့် ချိတ်ဆက်နေသည့် ရွှေဈေးမှာ မြန်မာငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ ပြီးခဲ့သည့်အပတ်က အတက်ကြမ်းခဲ့သည်။

ဩဂုတ်လ ၁၄ ရက်နေ့ က တစ်ကျပ်သားလျှင် ၂၈ သိန်းဝန်းကျင်အထိ ဈေးတက်ခဲ့သည်။

ဩဂုတ်လ ၁၅ ရက်နေ့တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်း ငါးသောင်း (၂၇၅၀၀၀၀)ကျပ်ဖြစ်လာပြီး ဈေးအနည်းငယ်ကျလာသည်။

ဩဂုတ်လ ၁၇ ရက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် တစ်သိန်းရှစ်သောင်းကျပ် ဈေးကျသွားခဲ့သည်။

ထိုနေ့က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ငါးသိန်း ခုနှစ်သောင်း(၂၅၇၀၀၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင်မူ တစ်ကျပ်သားလျှင် ငွေကျပ် ၂၇ သိန်းအထိ ဈေးတက်သွားပြန်သည်။

ပြတ်လပ်စက်သုံးဆီဈေး

စစ်ကောင်စီ၏ အမေရိကန် ဒေါ်လာမူဝါဒ အသစ်ပြဋ္ဌာန်းချက်‌ကြောင့် တောက်လျှောက်အတက်ကြမ်းခဲ့သည့် စက်သုံးဆီဈေးမှာ ယခုအပတ်တွင် တည်ငြိမ်စပြုလာသည်။

ဇူလိုင်လနှောင်းပိုင်းက 92 Ron ဓာတ်ဆီတစ်လီလျှင် ၁၆၈၀ ကျပ် ဝန်းကျင်အထိ ဈေးကျခဲ့ရာမှ တဖြည်းဖြည်း ဈေးတက်လာခဲ့ရာ ဩဂုတ်လ ၁၅ ရက်နေ့တွင် ၂၄၁၀ ကျပ်ဝန်းကျင်ဖြစ်လာခဲ့သည်။

ထိုနောက် ဩဂုတ်လ၂၀ ရက်နေ့တွင်မူ ၂၄၇၀ ကျပ် ဖြစ်လာသည်။

ထိုဈေးနှုန်းမှာ ထားဝယ်မြို့မှ လိုင်စင်ရှိ စက်သုံးဆီ အရောင်းဆိုင်ကြီးများ၏ ဈေးနှုန်းဖြစ်ပြီး စစ်ကောင်စီက ရောင်းချရန် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးနှုန်းလည်းဖြစ်သည်။

ပြင်ပ လိုင်စင်မဲ့ ဆီဆိုင်ငယ်များတွင်မူ တစ်လီတာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ဓာတ်ဆီဈေးနှုန်း သက်သာသည်ဆိုသော်လည်း လိုသလောက်ဝယ်ယူမရဘဲ အကန့်အသတ်ဖြင့်သာ ဝယ်ယူနိုင်သည်။

အချို့ရက်များတွင်မူ ဈေးကွက်အတွင်းစက်သုံးဆီပြတ်လပ်ခဲ့ပြီး အလုအယက်ဝယ်ယူခဲ့ရသည်။

ပြီးခဲ့သည့်ရက်က ပြင်ပဆီဆိုင်တွင်ပင် တိုးကြိတ်နေသည့်အတွက် အချိန်အတော်ကြာ တန်းစီစောင့်လိုက်ရကြောင်း ထားဝယ်မြို့မှ ဆိုင်ကယ်စီးနင်းသူ အမျိုးသားတစ်ဦးက ဆိုသည်။

နည်းနည်းကျသည့် ဘတ်ငွေ

ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် တနင်္သာရီတိုင်းအတွက် ထိုင်းဘတ်ငွေဈေးနှုန်း အတက်အကျမှာ သက်ရောက်မှုများလှသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သွားလုပ်နေသည့် တောင်ပိုင်းသားများ နေရပ်ကို ငွေပြန်လွှဲခြင်း၊ နယ်စပ်တွင် ကုန်စည်ရောင်း၊ ဝယ်ဖောက်ကားခြင်း စသည်တို့မှာ ဘတ်ငွေ အတက်အကျပေါ်မူတည်ပြီး သက်ရောက်မှုများစွာ ရှိသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းတစ်ဘတ်လျှင် မြန်မာငွေကျပ် ၈၀ ကျော်အထိ မြင့်တက်ခဲ့ရာမှ ယခုအပတ်တွင်မူ ကျရိပ်ပြလာသည်။

ဩဂုတ်လ ၁၅ ရက်နေ့က ထိုင်းတစ်ဘတ်လျှင် ၈၀ ကျပ် ဈေးပေါက်နေရာမှ ဩဂုတ်လ ၁၇ ရက်နေ့တွင် ၇၉ ကျပ်ဖြစ်လာခဲ့သည်။

ထိုင်း-မြန်မာငွေလဲလှယ်လုပ်ငန်းရှင်အချို့၏ ခန့်မှန်းချက်အရ ထိုင်းဘတ်ငွေဈေး အနည်းငယ်ပြန်ကျလာနိုင်သည်ဟု ဆိုသည်။

“မြန်မာကျပ်ငွေ ပြန်မာလာမယ်ထင်တယ်ရှင်။ အခုက (ထိုင်း) ဘတ် အရောင်းတွေ များလာနေတယ်”ဟု ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့ရာတွင် ဩဂုတ်လ ၂၀ ရက်နေ့တွင်မူ ထိုင်းဘတ်ငွေဈေး ပြန်တက်လာပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၈၁ ကျပ်အထိ ဖြစ်လာသည်။

 ထိုကြောင့် ထိုင်းငွေ ၁၂၄၀ ဘတ်လဲလျှင်မြန်မာငွေ တစ်သိန်းရမည်ဖြစ်သည်။

သုံးသပ်ချက်

ဩဂုတ်လ ၁၅ ရက်မှ ၂၀ ရက်နေ့အထိ ပြီးခဲ့သည့်တစ်ပတ်တာ ကာလသည် ရွှေဈေးအတက်အကျများခဲ့ပြီး ဘတ်ဈေးနှင့် စက်သုံးဆီဈေးမှာ အတက်ဘက်သို့ ဦးတည်နေသော်လည်း အလှုပ်အခတ်နည်းသည်ဟု ဆိုရမည်ဖြစ်သည်။

ဆက်တိုက် တန်ဖိုးကျဆင်းခဲ့သည့် မြန်မာကျပ်ငွေတန်ဖိုးမှာ အနည်းငယ် အကျတန့်သွားသည့်အတွက် ကျပ်-ဘတ်လဲလှယ်နှုန်းမှာ အလှုပ်အရမ်းနည်းနေခြင်း ဖြစ်သည်။

သို့သော်စစ်ကောင်စီ၏ အစိုးရအဖွဲ့ အပြောင်းအလဲတွင် ဗဟိုဘဏ် ဥက္ကဋ္ဌနေရာကို ပြောင်းလဲခန့်အပ်လိုက်မှုကြောင့် ဗဟိုဘဏ် ဥက္ကဋ္ဌအသစ်၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဗဟိုဘဏ် ဥက္ကဋ္ဌနေရာ အပြောင်းအလဲကြောင့် မည်သည့်မူဝါဒများ ထွက်ပေါ်လာမည် ဆိုသည်ကို မှန်းဆရခက်နေပြီး ယင်းအပြောင်းအလဲမှာ ဘတ်နှင့် ရွှေစျေးကွက်အပေါ် သက်ရောက်မှု ဖြစ်လာနိုင်သည်။

စက်သုံးဆီမှာမူ လာမည့်အပတ်တွင်လည်း အတက်စျေးတွင် ရှိနေနိုင်ပြီး စစ်ကောင်စီက တင်သွင်းထားသည်ဆိုသော ရုရှားဆီများရောက်လာမည့် စက်တင်ဘာလတွင်မူ စျေးအနည်းငယ်ပြန်ကျနိုင်မည်ဟု ခန့်မှန်းထားကြသည်။