ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ

0
319

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၂၃နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဩဂုတ်လ ၇ရက် ညတွင် လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် အသတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းဌာနများသို့ ပြောဆိုထားသည်။

ဩဂုတ်လ ၇ ရက် ည ၁၁ နာရီခန့်တွင် နွန်ထဘူရီခရိုင် ဘန့်ဘိုဝ်ထွန်းဒေသရှိ အဆိုပါအမျိုးသမီးနေထိုင်ရာ ကွန်ဒိုဘေးတွင် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကရင်လူမျိုးဖြစ်သည့် မစန်းသီမိုးတွင် လည်ပင်း၌ ဓားကဲ့သို့အရာဖြင့် ထိုးသွင်းထားသည့် ဒဏ်ရာရထားပြီး သွေးထွက် လွန်ကာ သေဆုံးသည်ဟု ဘန့်ဘိုဝ်ထွန်းဒေသရဲစခန်းမှ ရဲတပ်ဖွဲ့များနှင့် မှုခင်းဆရာဝန်များက အတည်ပြုကြောင်း သတင်းတွင် ရေးသားသည်။

၎င်းနှင့်အတူနေ သူငယ်ချင်းဖြစ်သူသည် တိုက်ခန်းသို့ ပြန်လာရာ အခန်းတံကား သော့မခတ်ထားဘဲ ပွင့်နေသည်ကို တွေ့ရပြီး ကွန်ဒိုဘေးတွင် အမျိုးသမီးတစ်ဦး အလောင်းတွေ့သည်ဟုဆိုသဖြင့် သွားကြည့်ရာ အခန်းဖော်ဖြစ်နေ ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းနေ့ နေ့ခင်းပိုင်းတွင် ၎င်းတို့နှစ်ဦး ကွန်ဒိုအနီး ဈေးသို့အတူသွားစဉ် မစန်းသီမိုးထံသို့ ရည်းစားဖြစ်သူထံမှ ဖုန်းဝင် လာကာ မိနစ်အနည်းငယ်ကြာပြောဆိုပြီးနောက် မစန်းသီမိုးတစ်ယောက်တည်း ဈေးမှပြန်ထွက်သွားခဲ့သည်ဟု အခန်းဖော်သူငယ်ချင်းက ဘာသာပြန်မှတစ်ဆင့် ထိုင်းရဲတပ်ဖွဲ့များသို့ ထွက်ချက်ပေးသည်ဟု ဖော်ပြထားသည်။

သေဆုံးသူ၏ ရည်းစားဖြစ်သူ အပါအဝင် မြန်မာအမျိုးသားနှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်းများတွင် ရေးသားထားသည်။

သွေးအိုင်ထဲတွင် အမျိုးသမီးတစ်ဦးလဲကျနေသည်ကို ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးက စတင်တွေ့ရှိကာ ကွန်ဒိုလုံခြုံရေးဝန်ထမ်းကို အသိပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

သေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန် အနီးအနားရှိ စီစီတီဗီမှတ်တမ်းများကို စစ်ဆေးမည်ဖြစ်ပြီး ပျောက်ဆုံးနေသော မြန်မာအမျိုးသား နှစ်ဦးကိုလည်း စစ်ဆေးမေးမြန်းနိုင်ရန် ရှာဖွေနေကြောင်း ဘန့်ဘိုဝ်ထွန်းရဲစခန်းမှ ရဲမှူးက ပြောဆိုထားသည်။

သေဆုံးသွားသော မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ရန်အတွက် ဆေးရုံ မှုခင်းဆေးပညာဆိုင်ရာဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: Thairath, Matichon Online, CH 7 HD News