ကော့သောင်းတွင် ဝါတန်းလှေသုံးစီးမီးလောင်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

0
520

ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက် ရွှေဝက်ဝံတံတားတွင် ရပ်ထားသည့် ဝါတန်းငါးဖမ်းလှေသုံးစီး ယနေ့ (ဩဂုတ် ၈) နံနက် ၁၀ နာရီခန့်ကစပြီး မီးလောင်ကျွမ်းကြောင်း စုံစမ်းသိရှိရသည်။

ယင်းမီးလောင်မှုကြောင့် အလောင်းတစ်လောင်းနှင့် ဒဏ်ရာရသူနှစ်ဦးကို ရှာဖွေတွေ့ရှိထားပြီး ဆက်လက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်တွင် ပြောဆိုသည်။

“မီးက ထိန်းနိုင်သွားပြီ။ မီးလောင်တဲ့ ဝါတန်းသုံးစီးမှာ တစ်စီးကတော့ ပြာကျသွားပြီ။ ထိခိုက်မှုကတော့ အခုလောလောဆယ် အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရတဲ့သူနှစ်ဦးက ရနေပြီ။ ဆက်ပြီးတော့ ရှာဖွေကယ်‌ဆယ်ရေး လုပ်နေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

လတ်တလော အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သောကြောင့် သေဆုံး ထိခိုက်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်အခြေအနေကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။

မီးလောင်ရသည့်အကြောင်းအရင်ကိုလည်း သေသေချာချာမသိရသေးပေ။ ဒေသခံ အချို့ကမူ ဂက်စ်အိုးပေါက်ကွဲခြင်းကြောင့်ဟုပြောဆိုပြီး အချို့ကမူ ဝါယာ‌ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။