ထားဝယ် DDPC ဈေးဝယ်စင်တာ မျက်နှာကျက်ပြုပြင်နေစဉ်ပြိုကျ

0
616

ထားဝယ်မြို့ ကမျောကင်း တံတားအနီးရှိ DDPC ဈေးဝယ်စင်တာ မျက်နှာကျက်ပြုပြင်နေစဉ် ပြိုကျပြီး လူထိခိုက်မှု မရှိကြောင်း ယင်းကုမ္ပဏီတွင် လုပ်ကိုင်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

DDPC ဈေးဝယ်စင်တာ မျက်နှာကျက်မှ မိုးရေယိုစိမ့်နေသဖြင့် အမိုးအသစ်လဲလှယ်ရန် အလုပ်သမားအဖွဲ့က ငြမ်းဆင်ပြီး ပြုပြင်နေစဉ် ဩဂုတ်လ ၇ ရက် ညနေ ၄ နာရီခန့်က အလျား ပေ ၃၀ အနံ ၁၅ ပေခန့်ရှိ မျက်နှာကျက် ပြိုကျခဲ့တာဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလုပ်သမားအဖွဲ့နဲ့ ငြမ်းဆင်ပြီး တစ်ခုချင်း တစ်ခုချင်း ဖြုတ်ချနေတာပေါ့နော်။ ရေတွေစိုနေတဲ့အချိန်နဲ့ သူတို့ မူလီဖြုတ်ထားတဲ့ အချိန်နဲ့ အကုန်လုံးက ထိန်းမနိုင်ဘဲနဲ့ အလုပ်လုပ်ရင်းနဲ့ ပြုတ်ကျသွားတဲ့သဘောပါ။ လူထိခိုက်မှုတော့ ဘယ်သူမှ မရှိဘူး” ဟု တာဝန်ရှိသူက ပြောဆိုသည်။

ခေါင်မိုးက မိုးယိုပြီး သံဖရိန် မကောင်းတော့သဖြင့် အသစ်ပြန်လည် လဲလှယ်ရန် ပြုပြင်ရာတွင် မတော်တဆ ပြိုကျခဲ့တာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသို့ ပြိုကျစဉ် ဈေးဝယ်စင်တာတွင် ဈေးဝယ်သူ တစ်ဦးစနှစ်ဦးစသာရှိကြောင်းလည်း ၎င်းက ဆိုသည်။

“အဲဒီနေရာက မိုးယိုနေတာကြာပြီ။ ကြာပြီဆိုတော့ ပြိုကျလာတာဖြစ်မယ်။ မနေ့က သူများတွေသွားတာမှာ မျက်နှာကျက်ပြိုကျတာ ရှုပ်ပွနေရောတဲ့” ဟု DDPC စင်တာမှ ဆိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။