ထားဝယ်အရှေ့တောနယ်မှ စစ်ရှောင်ကလေးများအတွက် အစားအ‌စာနှင့် ဆေးဝါးများလိုအပ်နေ

0
483

စစ်ဘေးရှောင်နေရသည့် ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာအလင်း မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာမှ ကလေးများအတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်နေကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

မေတ္တာအလင်းဂေဟာကို ယခင်က အရှေ့တောနယ် ဝကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့ပြီး ဧပြီလနောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ခမောင်းသွယ်တိုက်နယ် မြေးခံဘော်ရွာသို့ပြောင်းရွှေ့ဖွင့်လှစ်ကာ စစ်ဘေးရှောင်နေရကြောင်း ဂေဟာဆရာမတစ်ဦးက ပြောသည်။

လက်ရှိတွင် ဂေဟာရှိ ကလေး ၂၈ ဦးအတွက် အစားအသောက် အခက်အခဲဖြစ်ပေါ်နေပြီး ကလေး ၈ ဦးမှာလည်း ဖျား‌နာနေကြောင်း ၎င်းက ဆိုသည်။

“စားသုံးဆီဆိုရင် မဝယ်နိုင်တာ တစ်လလောက်တောင်ရှိနေပြီ။ ဈေးကြီးတယ်ဆိုတော့လေ။ ဆန်ကြတော့လည်း တစ်ခါတလေ ထမင်းနှစ်နပ်ပဲကျွေးရတာတွေရှိတယ်။ နေမကောင်းတဲ့သူတွေကိုလည်း ဆေးဝါးမရှိတော့ ကျန်းမာရေးဆရာမနဲ့ပြပေးရတယ်။ ဆရာမက ဆေးဖိုးလျှော့ယူတာတောင်မှ တစ်ခါပြရင် တစ်သောင်းလောက် ကုန်တာဆိုတော့ အခုအကြွေးတွေတင်နေတယ်” ဟု ၎င်းဆရာမ ပြောဆိုသည်။

ယင်းအတွက်ကြောင့် ကလေးများအတွက် ဆေးဝါးနှင့် အစားအသောက်များကို တတ်နိုင်သမျှကူညီပေးကြရန် ပြည်သူများကို မေတ္တာရပ်ခံ သတင်းစကားပါးလိုကြောင်း ပြောဆိုသည်။

မေတ္တာအလင်း မိဘမဲ့ကလေးများ စောက်ရှောက်ရေးဂေဟာကို လွန်ခဲ့သည့် ၅ နှစ်ခန့်က အလှူရှင်များ၏ ကူညီမှူဖြင့် စတင်တည်ထောင်ထားခြင်းဖြစ်သည်။ 

မေတ္တာအလင်း မိဘမဲ့ကလေးများစောက်ရှောက်ရေးဂေဟာ ဖုန်း 09796521039 သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

ဧပြီလ ၂၄ ရက်က ပကာရီရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ထားဝယ်အရှေ့တောဒေသတွင် နှစ်ဘက် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။