ရေးမြို့ လဝကရုံး ပစ်ခတ်ခံရ၊ ထိခိုက်သေဆုံးမှုရှိဟုဆို

0
574

မွန်ပြည်နယ် ရေးမြို့ရှိ လဝကရုံး ယနေ့ (ဩဂုတ် ၃) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လဝကရုံးကို ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

လဝကရုံး ဝင်ရောက်ပစ်ခတ်သည့်ဖြစ်စဉ်တွင် မြို့နယ်ဦးစီးမှူးအပါအဝင် အနည်းဆုံး ငါးဦးသေဆုံးသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြို့ခံတစ်ဦးကမူ “ကြားသိရသလောက်ကတော့ နှစ်ယောက်သေသွားတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် ရေးတစ်မြို့လုံးနှင့် မြို့အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ပိတ်ဆို့ရှာဖွေများ လုပ်ဆောင်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများ ဩဂုတ်လ ၂ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ကြရန် သတိပေးစာ ထုတ်ခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက် ယခုလို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေးဘီလူးအဖွဲ့သည် ဇူလိုင်လ ၂၈ ရက်နေ့က ရေးမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရေးမြို့နယ် ကဗျာဝကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦးကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရေးမြို့ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကိုလည်း ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း အစင်းကျေးရွာတံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဗျူစောထီးနှင့် ပြည်သူ့စစ် ၅ ဦး သေဆုံးခဲ့ကြောင်းလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်စီ သတင်းပေးဆိုသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် တံတားစစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ အစိုးရရုံးများကိုလည်း မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိသည်။

စစ်ကောင်စီကမူ ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးပေးမည်ဆိုကာ ထုတ်ပြန်ထားသည်။