ထိုင်းမှ ပြန်လွှဲပြောင်ပေးသည့် မြန်မာ ၁၂ ဦးတွင် ကိုဗစ်ပိုးတွေ့

0
314
ဓာတ်ပုံ - ဇူလိုင်လ ၂၉ ရက်နေ့က လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမားများ။

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသူ မြန်မာအလုပ်သမား ၁၇၀ ကျော်အနက် ၁၂ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနထံမှ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၀၉ဦးနှင့် အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၁၇၂ ဦးအား ပြန်လည် လွှဲပြောင်းပေးခဲ့ရာ ၁၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်ပိုးတွေ့တဲ့သူတွေက အမျိုးသားတွေချည်းပဲ” ဟု ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့သည် ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသူတို့အား ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။

ကိုဗစ်ပိုးတွေ့သူတို့အား ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်အဆောင်တွင်ထားရှိပြီး ပိုးမတွေ့သူများကို ကွာရန်တင်းစခန်းတို့တွင် ထားရှိထားကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ ပြီးနောက် ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရပြီးမှ ကော့သောင်းဘက်သို့ လွှဲပြောင်းခံရခြင်းဖြစ်သည်။

ကော့သောင်းမြို့တွင် ဇူလိုင် ၂၄ ရက်နေ့ကလည်း ကိုဗစ်ပိုးတွေ့သူ တစ်ဦး၊ ၂၅ ရက်နေ့တွင် နှစ်ဦးခဲ့ရှိကြောင်း ကော့သောင်းမြို့ကျန်းမာရေးဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။