ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာက ဒေသခံများ တိမ်းရှောင်နေရ၊ ပုဂေါဇွန်းရွာသားငါးဦးလည်း ပျောက်ဆုံးနေ

0
692
ဝက်ချောင်း ပုဂေါဇွန်း ခမောင်းချောင်း လမ်းဆုံတစ်နေရာ (၂၀၂၁ က ပုံဟောင်း)/Dawei Watch

စစ်ကြောင်းထိုးနေသဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာနှင့် ဧရိယာအနီးဝန်းကျင်က ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပုဂေါဇွန်းရွာသား ငါးဦးမှာလည်း ပျောက်ဆုံးနေကြောင်း ဒေသခံများ၏ပြောပြချက် အရ သိရသည်။

ရေဖြူမြို့နယ် နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ သုံးရက်ကြာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး ဇုန်ဧရိယာထဲရှိ ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်း စသည့် ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီး စစ်ဆေးနေမှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ကြောင့် ဧရိယာထဲက ရွာများအပြင် အနီးဝန်းကျင် ကျေးရွာများက ဒေသခံများပါ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာ တောတောင် များသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဧကနိရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။

“အခုဆိုရင် ရွာလုံးကျွတ်နီးပါးပါပဲ။ ရွာမှာ သက်ကြီးပိုင်းအချို့ကလွဲပြီး အားလုံးရှောင်နေကြရတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်နေရမှုကြောင့် ဆက်သွယ်ရေးပြတ်တောက်မှုများရှိနေပြီး စားဝတ်နေရေး အခက်အခဲ ရှိလာသည်ဟုလည်း စစ်ဘေးရှောင်ပြည်သူ နောက်တစ်ဦးက ပြောသည်။

“တချို့တွေက စားစရာတွေ ပါမလာကြဘူးဗျ။ ပါလာတဲ့သူနဲ့ ဝေမျှစားရတာပေါ့။ ဖုန်းဆက်သွယ်လည်းမရတော့ အခက်အခဲ တော်တော်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယခု ထွက်ပြေးတိမ်းရှောင်ကြရာတွင် ဇုန်ဧရိယာထဲက ဧကနိ၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ရငဲ ကျေးရွာ‌လေးရွာမှ ဒေသခံများ အများဆုံးဖြစ်ပြီး အနီးဝန်းကျင် ရွာများမှ ဒေသခံအချို့လည်း စိုးရိမ်ထိတ်လန့်ပြီး တခြားမြို့နယ်များသို့ ပြောင်းရွှေ့မှုများ ရှိလာကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

“ဧကနိရွာမှာတောင် အိမ်ခြေရှစ်ရာနီးနီးရှိတယ်။ တစ်အိမ် နှစ်ယောက်နဲ့ဆိုယင် အားလုံး လေးရွာပေါင်းနဲ့ အခြားရွာကပါ ငါးထောင်ထက်မနည်းဘူး” ဟု ဧကနိရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်က ဧကနိရွာသား သုံးဆယ်ခန့်ကို ဖမ်းပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ သော်လည်း ဒေသခံပြည်သူသူများ၏ မော်တော်ဆိုင်ကယ်အစီး နှစ်ဆယ်ခန့်အပါဝင် လက်ဝတ်ရတနာနှင့် ငွေသား အချို့မှာ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

“ပြည်သူတစ်ဦးရဲ့ နေအိမ်မှာလည်း ရွှေနှစ်ကျပ်သားခန့်နဲ့ ငွေသားသိန်းနှစ်ဆယ်ခန့်လည်း ပျောက်ဆုံးနေတယ်။ နေအိမ်တချို့လည်း တံခါးဖျက်ခံရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းတွင်မူ ပုဂေါဇွန်းနဲ့ ဝက်ချောင်းရွာကြားမှာ ဧကနိဖက်မှ ရေဖြူမြို့ဖက်သို့ ပြန်ထွက် လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသောကား မိုင်းဆွဲခံရပြီး PDF များနှင့် အပြန်အလှန်ပစ်ခတ်မှု နာရီအနည်းငယ် ဖြစ်ပွားခဲ့ပြီး ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“ညက တော်တော်ပစ်နေကြတယ်။ မိုင်းသံအရင်ကြားတယ်။ အကျယ်ကြီးပဲ” ဟု ပုဂေါဇွန်းရွာက ဒေသခံတစ်ဦးက ပြောသည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့သည် ပုဂေါဇွန်းရွာထဲသို့ ဝင်လာပြီး နေအိမ်တစ်ဆောင်ရှေ့တွင် သေနတ် ၁ဝချက်ခန့် ပစ်ဖောက်ကာ ယင်းရွာတွင် တပ်စွဲထားလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ (ဩဂုတ် ၁) နံနက်ပိုင်းတွင်မူ ပုဂေါဇွန်းရွာသားငါးဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံတို့ ပြောသည်။

“သေနတ်သံ ဆယ်ချက်လောက်ပစ်ပြီး ဝင်လာတယ်။ ‌ရွာထဲက နေအိမ် တချို့ကို ဝင်ရောက်စစ်ဆေးခဲ့တယ်။ ရွာသား ငါးဦးကတော့ ဆက်သွယ်မရသေးဘူး။ ပျောက်နေတယ်” ဟု ပုဂေါဇွန်းရွာသားတစ်ဦးက ပြောသည်။

ပျောက်ဆုံးနေသည့် ပုဂေါဇွန်းရွာသားများမှာ ဦစောရှီ၊ ဦမောင်ကြည်၊ ဦးအေးဘ၊ ဦးထိန်ဝင်း၊ ဦးဇော်သား တို့ဖြစ် ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် ကားသုံးစီး ရေဖြူမြို့ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။