ကံပေါက်အုပ်ချုပ်ရေးမှူးဟောင်း အိမ်တွင် လက်လုပ်မိုင်းတွေ့

0
543

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကုလား ခေါ် ဦးစိန်ထွန်းအောင် နေအိမ်တွင် ဇူလိုင်လ ၃၁ ရက်က မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဦးစိန်ထွန်းအောင်သည် အာဏာသိမ်းပြီးနောက် ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် သုံးလခန့် တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် နုတ်ထွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

၎င်း၏နေအိမ်တွင် မည်သူတို့က၊ မည်သည့်အတွက်ကြောင့် လက်လုပ်မိုင်း လာထားခဲ့သည်ကို မသိရဘဲ မပေါက်ကွဲခင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အဲဒီလက်လုပ်မိုင်းကို ဘာလုပ်လိုက်လဲတော့ မသိဘူး။ မိုင်းတွေ့ပြီးတော့ ရေတပ်က လာစစ်ဆေးသေးတယ်” ဟု ၎င်းကဆိုသည်။

ကံပေါက်ဒေသအနီးတွင် မောရဝတီရေတပ်စခန်း တစ်ခုရှိသည်။

ဇူလိုင်လ ၂၁ ရက်ကလည်း ကံပေါက်ကျေးရွာရှိ သံတံတားတွင် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို အမှိုက်ကောက်သည့် ကလေးတစ်စုက တွေ့ရှိပြီး စစ်ကောင်စီက လာရောက်ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

“သံတံတားမှာ မိုင်းတွေ့တဲ့နေ့တုန်းကလည်း လမ်းတွေတောင် ပိတ်ပစ်လိုက်သေးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်လုပ်မိုင်းတွေ့သည့် လမ်းတလျှောက်ရှိ ခြုံနွယ်များကို ရှင်းလင်းပေးရန် ရွာသားများကို စစ်ကောင်စီက စေခိုင်းထားကြောင်း ဒေသခံအချို့က ဆိုသည်။