ရေဖြူ မူးဒူးရွာတွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

0
228

‌ရေဖြူမြို့နယ်၊ မူးဒူးရွာတွင် စစ်အစိုးရလက်ထက် ၂၀၁၀ မတိုင်မီက အုပ်ချုပ်ရေးမှူးအဖြစ်လုပ်ခဲ့ဖူးသူ အမျိုးသား တစ်ဦး ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ အသက် ၅၀ကျော်အရွယ်ရှိ ဦးယူစိန်ဆိုသူဖြစ်ပြီး ညနေ ၃နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားသုံးဦး နေအိမ်သို့ လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒဏ်ရာက ဦးခေါင်းမှာ နှစ်ချက် တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ဦးယူစိန်သည် ယခုလက်ရှိတွင် လယ်ယာဥယျာဉ်ခြံလုပ်ကိုင်သူဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“သူက ကျွန်တော်တို့အမြင်ကတော့ လယ်လုပ်၊ ခြံလုပ်ပေါ့နော်။ နောက်ကွယ်က နိုင်ငံရေးနဲ့ ပတ်သတ် မပတ်သတ် ဆိုတာ ကျွန်တော်တို့လည်း မပြောနိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

သေဆုံးသူ၏ရုပ်အလောင်းကို အခင်းဖြစ်သည့် ညနေပိုင်းတွင် ချက်ခြင်း သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ တစ်လအတွင်း မူးဒူရွာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ မူးဒူးရွာသား ဦးကံစိုးနှင့် ဦးပိုင်သန်းတို့နှစ်ဦးမှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇင်ယော်တပ်စု (ပကဖ-ရေဖြူ) က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။