ကံပေါက်မှ ထိုင်းသို့ပို့လွှတ်သည့် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်၍ ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်း

0
724
ဓာတ်ပုံ၊ကံပေါက်ဒေသရှိဓာတ်ငွေ့ပိုက်လိုင်းပြုပြင်နေသောပုံဟောင်း။
ဓာတ်ပုံ- ကံပေါက်ဒေသရှိဓာတ်ငွေ့ပိုက်လိုင်းပြုပြင်နေသောပုံဟောင်း။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ထိုင်းနိုင်ငံကို သွယ်တန်းထားသည့် PTTEP ကုမ္ပဏီ၏ ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ဓာတ်ငွေ့တင်ပို့မှုရပ်ဆိုင်းထားကြောင်း PTTEP International Limited ထံမှသိရသည်။

PTTEP ကုမ္ပဏီက ယနေ့ နံနက်ပိုင်းတွင် ကံပေါက်ဒေသရှိ ကုန်းတွင်းဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး ဓာတ်ငွေ့ဖိအားကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်သည့် ပိုက်လိုင်းကို သီးခြားခွဲထားပြီး ထိုင်းနိုင်ငံသို့ ဇောတိကပရောဂျက်မှ ဓာတ်ငွေ့တင်ပို့နေမှုကို ယာယီရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့ (ဩဂုတ်လ ၁ ရက်) နံနက် (အာရုံမတက်မီ) ၃ နာရီ ၂၂ မိနစ်ခန့်တွင် ကလိန်အောင်မြို့အနီးတွင်ရှိသည့် မိချောင်းလှောင်းရွာနှင့် အိန္ဒရာဇာ ကျေးရွာကြား (ဖွားသီလရှင်တောင်နောက်ကျောဘက်ခြမ်း)တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်မှု ဖြစ်ပွားနေသည်ကို သိရှိရကြောင်း ဒေသခံအချို့ကပြောသည်။

“မနက် ၃ နာရီ ၂၂ မိနစ်လောက်မှာ ဒိန်းခနဲတစ်ချက်ကြားပြီးတော့ လေသံကြီးတွေ ဝူးဝူးနဲ့ အဲလိုအော်နေတာ၊ အဲလိုအော်နေတာ အကြာကြီးပေါ့နော်” ဟု မိချောင်းလှောင်း ကျေးရွာမှ ကိုထွန်းကြွယ်ကပြောသည်။ 

ဓာတ်ငွေ့ပိုက်လိုင်းပေါက်သည့်နေရာနှင့် လူနေထိုင်သည့်နေရာမှာ ၂ မိုင်ခန့်ကွာဝေးသဖြင့် ဂက်စ်အနံများ ရတာမျိုးမရှိကြောင်း ကိုထွန်းကြွယ်က ပြောသည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုတွင် မီးလောင်မှုနှင့် ပေါက်ကွဲမှုများ မတွေ့ရကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုအကြောင်းရင်းကို ကုမ္ပဏီက ဆက်လက်စုံစမ်းနေပါကြောင်း PTTEP ကုမ္ပဏီ၏ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားနေသည့် ပိုက်လိုင်းကို ပြုပြင်မှုလုပ်ဆောင်နေပြီး ပြုပြင်မှုပြီးစီးရန် ၂ ပတ်ခန့်ကြာနိုင်သည်ဟု ခန့်မှန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မုတ္တမကမ်းလွန်ပင်လယ်မှ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့ကို တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကန်ပေါက်ကျေးရွာတွင် တစ်ဆင့်သိုလှောင်၍ ရန်ကုန်မြို့နှင့် အခြားမြို့များအပါအဝင် ထိုင်းနိုင်ငံသို့ PTTEP International Limited က သဘာဝဓာတ်ငွေ့များ နေ့စဉ်ပို့လွှတ်နေခြင်းဖြစ်သည်။

ကံပေါက်စံမံကိန်းမှ ထိုင်းနိုင်ငံကန်ချနဘူရီသို့ သဘာဝဓာတ်ငွေ့ သယ်ဆောင်ပေးသော ပိုက်လိုင်းသည်တနင်္သာရီတိုင်း၊ ရေဖြူမြို့ နယ်ရှိ မော်ကြီးကျေးရွာကို ဖြတ်သန်းကာ တည်ဆောက်ထားခြင်းဖြစ်သည်။

ဇောတိကကုန်းတွင်း စီမံကိန်းတွင်ပါရှိသော ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက် အကွာအဝေးမှာ ကမ်းခြေမှနယ်စပ်ထိ ၇၂ ကီလိုမီတာရှိကြောင်း ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

အဆိုပါ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့ပို့လွှတ်သည့် ဇောတိကစီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီလုပ်ကိုင်နေခြင်းဖြစ်ပြီး နေ့စဉ်ထွက်ရှိမှုမှ အများစုဖြစ်သော ကုဗပေ သန်း ၂၄၀ သည် တနင်္သာရီတိုင်းကို ဖြတ်ကျော်သွယ်တန်းထားသည့် ပိုက်လိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ၂၀၁၄ ဩဂုတ်လ ၅ ရက်နေ့တွင် စတင် စီးဆင်းနေပြီဖြစ်ကြောင်း မှတ်တမ်းများအရသိရသည်။

PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့်တွဲဖက်၍ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်နေပြီး စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှ နုတ်ထွက်သွားသော ပြင်သစ် Total ကုမ္ပဏီ၏ ရှယ်ယာများကိုလည်း လွှဲပြောင်းရယူကာ လုပ်ကိုင်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။