လမိုင်းမြို့တွင် ပရဟိတအဖွဲ့ဝင်လူငယ်တစ်ဦး ပစ်သတ်ခံရ

0
438

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့က ပရဟိတအဖွဲ့ဝင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

လမိုင်းပရဟိတလူငယ်များအဖွဲ့၏ အဖွဲ့ဝင် အသက် ၂၁နှစ်အရွယ် ကိုလင်းအောင်သည် ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

၎င်းသည် အသင်းရုံးမှ နေအိမ်သို့အပြန်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကိုလင်းအောင်ကို လမိုင်းရဲစခန်းက လုံခြုံရေးအခြေအနေအရ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းက မိသားစုထံ အကြောင်းကြားလာကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူတို့က ပြောဆိုသည်။

“လမိုင်းရဲစခန်းကတော့ (ကိုလင်းအောင်က) သူတို့စခန်းအနား ကပ်လာလို့ လုံခြုံရေးအရ ပစ်ခတ်လိုက်တယ်လို့ ပြောတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ကိုလင်းအောင် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းတာဝန်ရှိသူတို့၏ ပြောဆိုချက်နှင့် ပြေပြင် အခြေအနေ ကွဲလွဲမှုရှိနေကြောင်း ဒေသခံတို့က ဆိုသည်။

ရဲစခန်းအနီးတွင် ပစ်ခတ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသော်လည်း ကိုလင်းအောင်၏ ဆိုင်ကယ်၊ လက်ကောက်များကို သွေးကွက်တို့နှင့်အတူ လမိုင်းမြို့ နောင်တော်ကြီးစေတီဘေးလမ်းတွင် တွေ့ရှိသည်ဟုလည်း ဒေသခံတို့က ပြောသည်။

ရဲစခန်းနှင့် နောင်တော်ကြီးစေတီမှာ လမ်းမတူသည့်အပြင် ဆိုင်ကယ်ဖြင့်သွားလျှင် ၅ မိနစ်ခန့် သွားရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း ဒေသခံများ မကြာခဏ ပစ်သတ်ခံရလေ့ရှိသည်။