ထိုင်း ကန်ချနဘူရီတွင် တရားမဝင်မြန်မာလုပ်သား ၂၁ဦး ဖမ်းဆီးခံရ

0
277

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နေရာသုံးနေရာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၁ ဦးကို ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်များတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ကန်ချနဘူရီခရိုင်အတွင်းရှိ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာ အလုပ် သမားများကို နှစ်ရက်အတွင်း ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင် တပ်မတော်တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၂၁ ဦးတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ပါဝင်ကြပြီး ၎င်းတို့ကို ထုန်းဖါ့ဖမ်းဒေသရှိ ထာ့ခနုန်ရွာ၊ စိုင်ယွတ်ဒေသရှိ ဘွန်းတိရွာနှင့် စန်ခရာဘူရီဒေသရှိ နောင့်လူးရွာတို့တွင် ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ရခိုင်တို့မှ လာရောက်ကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ စမူစခွန်၊ ရယွန်၊ ကန်ချနဘူရီနှင့် ဘန်ကောက်မြို့တို့တွင် အလုပ်အကိုင်ရရှိရန်အတွက် လာရောက်ကြခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ယင်းသို့လာရောက်ရန် မြန်မာအလုပ်သမားများသည် ပွဲစားများကို တစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀၀ မှ ၃၀၀၀၀ (ကျပ် ၁၀ သိန်းမှ ၂၀ သိန်း) အထိ ပေးချေခဲ့ရပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါမြန်မာအလုပ်သမားများကို ထိုင်းဥပဒေများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ကန်ချနဘူရီခရိုင်အတွင်းရှိ ဒေသသုံးခုရှိ ရဲစခန်းများသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃၈ဦးကို ဇူလိုင်လအတွင်း ကော့သောင်းမြို့သို့ နှစ်ကြိမ်ခွဲ၍ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း ထိုင်းတပ်မတော်၏ ထုတ်ပြန်ချက်အရသိရသည်။

Ref: Bangkok Post