လောင်းလုံးမြို့သို့သွားသည့် ပညစ်ရွာမှ ဘုန်းတော်ကြီးနှင့် ဒေသခံခြောက်ဦး ပျောက်ဆုံးနေ

0
371

လောင်လုံးမြို့သို့ ယနေ့ (ဇူလိုင် ၂၄) နံနက်ပိုင်းက သွားသည့် ပညစ်ရွာက ဘုန်းတော်ကြီးနှင့် ဒေသခံခြောက်ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့ နံနက် ၇နာရီဝန်းကျင်တွင် မြို့ပေါ်သို့ သွားခြင်းဖြစ်ပြီး အချို့မှာ အလှူ၊ အချို့မှာ ဈေးဝယ်ရန်သွားကြခြင်း ဖြစ်ပြီး ညနေ ၄ နာရီအထိ အဆက်အသွယ်မရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၄ နာရီခန့်တွင် လောင်းလုံးဘက်မှ ပညစ်ကျေးရွာဖက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ညနေပိုင်းတွင် ပညစ်ရွာသို့ ဝင်ရောက်ကာ ဒေသခံအချို့ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ဆရာတော်က လောင်းလုံးကို အလှူအိမ်သွားတယ်၊ ယာဉ်မောင်းတစ်ယောက်နဲ့။ အလှူအိမ်ကလည်း ဆရာတော် ရောက်မလာကြောင်း ဖုန်းဆက်တော့ ဆရာတော်ဖုန်းကို ဆက်ကြည့်တယ်။ ဘာမှ မပြောဘဲနဲ့ ပြန်ချလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘုန်တော်ကြီး၏ ယာဉ်မောင် ဦးမဲမဲ အပြင် လောင်းလုံးမြို့သို့ ဈေးဝယ်ရန်သွားသည့် ဦးစိုးမင်း၊ ဦးဝီ၊ မလေးနွယ်၊ ဒေါ်ခင်မူ၊ မကြူဝင်းသည့် စသည့် ရွာသားများလည်း အဆက်အသွယ် မရဖြစ်နေကြောင်း ၎င်းတို့၏ မိသားစုဝင် အချို့ထံမှ သိရသည်။

ဖုန်းများမှာ စက်ပိတ်ထားသည်ဟု ပြောဆိုကြပြီး အချို့မှာ ဖုန်းဝင်သော်လည်း လက်ခံဖြေကြားခြင်း မရှိကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၂ ရက်ကစပြီး လောင်းလုံးမြို့နယ်သို့ စတင်ရောက်ရှိလာပြီး ယနေ့ (ဇူလိုင် ၂၄) အထိ လောင်းလုံးမြို့နယ် ‌အနောက်ဖက် အန်ဒမန်ပင်လယ်၏ ကမ်းရိုးတန်းတစ်လျှောက် တောတောင်များတွင် PDF တပ်စခန်းများကို စစ်ကြောင်းထိုးရှာဖွေ လျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က လောင်းလုံးတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် PDF များကို စစ်ကြောင်းထိုးရှာဖွေရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခု စီးနင်းခံခဲ့ရသည်။