ဆေးကုမ္ပဏီကြီးများ အရောင်းရပ်ထား၍ ထားဝယ်တွင် ဆေးဝါးပြတ်လပ်မှုစဖြစ်

0
505

ပြည်တွင်းဆေးကုမ္ပဏီကြီးအချို့ အရောင်းရပ်ထားသဖြင့် ထားဝယ်ဈေးကွက်တွင် ဆေးဝါးပြတ်လပ်မှုများ စတင်ဖြစ်ပေါ်လာသည်ဟု ထားဝယ်မြို့ ဆေးဝါးဈေးကွက်မှ သိရသည်။

မြန်မာငွေတန်ဖိုးကျဆင်းနေပြီး ပြင်ပဒေါ်လာပေါက်ဈေး ဆက်တိုက်မြင့်တက်လာခြင်း၊ သွင်းကုန်ကန့်သတ်ချက် များကြောင့် ဆေးတင်သွင်းရခက်ခဲနေခြင်းတို့ကြောင့် ပြည်တွင်းဆေးကုမ္ပဏီကြီးအချို့မှာ ဆေးအရောင်း ရပ်ထား သလို၊ အချို့ကုမ္ပဏီများမှာ အကန့်အသတ်ဖြင့်သာ ရောင်းချကြကြောင်း ဆေးဆိုင်ဖွင့်ထားသူများက ဆိုသည်။

ဆေးကုမ္ပဏီကြီးများမှာ ဆေးတင်သွင်းရ ခက်ခဲမှုများရှိနေပြီး အချို့ကုမ္ပဏီများမှာ ဝန်ထမ်းလျှော့ချရန်ပင် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်မှ ဆေးတင်သွင်းသူများက ဆိုသည်။

ပြည်တွင်းဆေးကုမ္ပဏီကြီးအချို့က အရောင်းရပ်ထားပြီး အချို့ကုမ္ပဏီများမှာ အကန့်အသတ် ခွဲတမ်းဖြင့်သာ ရောင်းချ ပေးသဖြင့် ဈေးကွက်တွင် ဆေးဝါးပြတ်လပ်မှုများ ဖြစ်လာသည်ဟု ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

ဆေးဝါးပြတ်လပ်မှုမှာ ယခု ၂၀၂၂ ခုနှစ် မေလကတည်းက ဖြစ်ပေါ်နေပြီး ယခု ဇူလိုင်လ ဒုတိယအပတ်အတွင်း ပြတ်လပ်မှု ပိုဖြစ်လာကြောင်း ထားဝယ်မြို့၊ အထက (၂) ကျောင်းရှေ့ရှိ မြတ်သီရိဆေးဆိုင်မှ ဆိုင်ရှင် ဒေါ်တင်သန်းဦးက ပြောသည်။

“ကုမ္ပဏီတွေမှာပြတ်မှတော့ ဆိုင်ကလည်းပြတ်တာပေါ့။ ဆိုင်ကသေးသေးလေးဟာကို။ ဆေး တော်တော်များများ ပြတ်တယ်။ နောက်တစ်ခုက ဈေးတအားတက်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာကို ၁၈၅၀ ကျပ်သတ်မှတ်လိုက်ပြီးနောက်တွင် ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး အလွန်အမင်းမြင့်တက်သွားပြီး တစ်ဒေါ်လာ ၂၅၀၀ ကျပ်အထိ ဈေးပေါက်သွားသည်။

ဆေးတင်သွင်းမည်ဆိုပါက သွင်းကုန်အတွက် တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့် ဗဟိုဘက်မှ ဝယ်ယူနိုင်ရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီထံ တင်ပြရကြောင်း၊ ခွင့်ပြုချက်ရပါက ၁၈၅၀ ကျပ်ဖြင့် ဒေါ်လာဝယ်ယူ နိုင်သော်လည်း အရမ်းကြာပြီး လိုသလောက်လည်း ဝယ်မရကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြင်ပမှ မိမိအစီအစဉ်ဖြင့် ဝယ်ယူပြီး တင်သွင်းပါကလည်း ယခုပေါက်ဈေးဖြင့် အဆင်မပြေ၍ ဆေးကုမ္ပဏီများ ဆေးတင်သွင်းမှု မပြုဘဲ အခြေအနေစောင့်ကြည့်နေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ပြည်ပမှ တင်သွင်းရခြင်းဖြစ်ပြီး တရုတ်၊အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့မှ အများဆုံးတင်သွင်းသည်။

ယင်းအပြင် ဆေးဝါးဈေးနှုန်းများလည်း ဆက်တိုက်တက်နေပြီး အချို့ဆေးများဆိုလျှင် ၂ ဆတက် (၁၀၀ တန်ဈေး ၂၀၀ ဖြစ်) သွားကြောင်း၊ ဆေးအများစုမှာ ၂၀ ရာခိုင်နှုန်းခန့် တက်နေကြောင်း ထားဝယ်ဈေးကွက်မှ ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

ဆေးကုမ္ပဏီအချို့ ဆေးအရောင်းရပ်ထားသဖြင့် ဆိုင်တွင်ဆေးဝါး မပြတ်စေရန်အတွက် ကုမ္ပဏီမတူ ဆေးအမျိုးအစားတူသည့် ဆေးဝါးများကို ဝယ်ယူရောင်းချကာ လည်ပတ်နေရသည်ဟု ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

ဆေးဝါးများကို ထားဝယ်၊ မြိတ် ဆေးကုမ္ပဏီများ၏ ရုံးခွဲများ၊ အရောင်းကိုယ်စားလှယ်များထံမှ ဝယ်ယူတာမျိုးလည်း ရှိပြီး ရန်ကုန်ရှိ ဆေးကုမ္ပဏီကြီးများက ဝယ်ယူရောင်းချခြင်းလည်းရှိသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။