ထားဝယ်တွင် သုံးဘီးတစ်စီး သိန်းဆယ်ချီဈေးမြင့်တက်၊ သုံးဘီးမောင်းသမားများ တွက်ခြေမကိုက်

0
219

ထားဝယ်မြို့တွင် အိန္ဒိယနိုင်ငံထုတ် ခရီးသည်တင် သုံးဘီးဈေးနှုန်း နှစ်ဆနီးပါး ဈေးမြင့်တက်လာပြီး တစ်စီး ကျပ်သိန်းတစ်ရာဝန်းကျင် ဈေးပေါက်နေကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အင်ဂျင်ပါဝါ ၂၀၀ စီစီ ခရီးသည်သုံးဦးစီးနင်းနိုင်သည့် သုံးဘီအငယ်တစ်စီးလျှင် ကျပ်သိန်း ၈၀ ကျော် ပေါက်ဈေးရှိပြီး အင်ဂျင်ပါဝါ ၂၃၆ စီစီ ခရီးသည် လေးဦးစီးနိုင်သည့် သုံးဘီးအကြီးတစ်စီးလျှင် ကျပ်သိန်း ၉၀ ကျော် ဈေးပေါက် နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ယင်းဈေးနှုန်းသည် ကုမ္ပဏီက တိုက်ရိုက်တင်သွင်းရောင်းချသည့် ဈေးနှုန်းဖြစ်သည်။

ကုမ္ပဏီတွင် တိုက်ရိုက်ယူရောင်းသူတို့ထံမှ တစ်ဆင့်ပြန်ယူပြီး ရောင်းချသူတို့တွင်မူ တစ်စီးလျှင် ကျပ်သိန်း တစ်ရာကျော် (၁၀၃ သိန်းဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၂၂ မတ်လအထိ ယင်းသုံးဘီးတစ်စီးဈေးနှုန်းမှာ အငယ်တစ်စီးလျှင် ကျပ်သိန်း ၅၀၊ အကြီးတစ်စီးလျှင် ကျပ်သိန်း ၇၀ ဝန်းကျင်သာရှိကြောင်း သုံးဘီရောင်းချနေသူတို့က ပြောဆိုသည်။

“ဈေးထိုးတက်သွားတာ အခုဆို နှစ်လလောက်ရှိပြီ” ဟု ထားဝယ်မြို့ သုံးဘီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယခင်ကမူ သုံးဘီးဝယ်လိုပါက ကုမ္ပဏီသို့ စရံငွေပေးသွင်းပြီး အော်ဒါမှာ ဝယ်ယူရသည်။

နောက်ပိုင်းတွင် သုံးဘီဝယ်လိုအားများလာသဖြင့် ကုမ္ပဏီဘက်က ဈေးကွက် လိုအပ်သလောက် ချထားပေးနိုင်မှု မရှိဖြစ်လာသည့်အပြင် သယ်ယူစရိတ်မြင့်တက်လာခြင်းကြောင့် သုံးဘီးဈေး ထိုးတက်သွားခြင်းဖြစ်ကြောင်း သုံးဘီး ဝယ်ရောင်းသမားတစ်ဦးက ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ကိုင်ရှားပါးလာမှုကြောင့် ရရာအလုပ်ကို လုပ်ကိုင်လာကြပြီး သုံးဘီးမောင်း သူတို့လည်း ထားဝယ်ဒေသအတွင်း သိသိသာသာ များပြားလာခဲ့သည်။

သို့သော် လုံခြုံရေးအခြေအနေကြောင့် နယ်ခရီးသည်များ ထားဝယ်မြို့သို့အလာကျဲသွားသဖြင့် သုံးဘီးမောင်းသူများပြီး ခရီးသည် မရဖြစ်နေကြောင်း ထားဝယ်ဈေးကြီးအနီးတွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီးသမားတစ်ဦးက ဆိုသည်။

“အလုပ်လည်း မရှိဘူးဆိုတော့ ဈေးကြီးပေးပြီးပဲ သုံးဘီးဝယ်ပြီး မောင်းနေရတယ်။ ဒီကြားထဲ ဆီဈေးကကြီး၊ ခရီးသည်က မရနဲ့ အဆင်မပြေပါဘူး” ဟု ၎င်းက ငြီးတွားသည်။

အာဏာသိမ်းပြီးနောက်တွင် မြန်မာငွေတန်းဖိုး ကျလာသဖြင့် ပြည်ပက တင်သွင်းကရသည့် ယာဉ်များ အပါအဝင် သွင်းကုန်များမှာ ဈေးအဆမတန် မြင့်တက်သွားသည်။

၂၀၁၉ ခုနှစ်မှစပြီး အိန္ဒိယနိုင်ငံထုတ် ခရီးသည်တင်သုံးဘီးများ ထားဝယ်ဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့သည်။ ယင်းအချိန်က ယာဉ်မှတ်ပုံတင်ခွင့်ပြုချက်ရရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့် အခက်အခဲတို့ ဖြစ်ပေါ်ခဲ့ဖူးသည်။