ပထမအကြိမ် သေနတ်ပစ်ခံရသူ ခြောက်လကျော်အကြာ ဒုတိယအကြိမ်ပစ်ခံရပြီး သေဆုံး

0
325

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာသား အသက် ၅၀ ကျော်အရွယ် ဦးသန်းထိုက်ဆိုသူ အမျိုးသားတစ်ဦး ဇူလိုင်လ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဦးသန်းထိုက်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း ‌သကျက်တောရွာနှင့် တစ်ရွာကျော်အကွာ တောကျဲရွာ ကြက်ဝိုင်းတွင် ဒိုင်ကိုင်နေစဉ် ပထမအကြိမ် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ဖူးသည်။

ယင်းကဲ့သို့ ဒဏ်ရာရပြီးနောက် ခြောက်လကျော်အကြာ ယခုဒုတိယအကြိမ် ထပ်မံပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“သူကရှောင်နေတာမျိုးမရှိဘူး။ နေတာကသူ့အိမ်မှာပဲနေနေတယ်။ အခုပစ်ခံရတာက ငါတို့ရွာက ရပ်ကွက်လေးသဘောမျိုး တစ်တူပြန်ဆိုတဲ့နေရာမှာပစ်ခံရတာ။ အဲမှာရှိတဲ့ သူတို့ဆွေမျိုးတွေဆီသွား သွားနေတတ်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသူဦးသန်းထိုက်သည် အာဏာမသိမ်းခင်ကရပ်ရွာ လူမူရေးကိစ္စများတွင် ကူညီလေ့ရှိသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နီးကပ်သည့်ဆက်ဆံရေးရှိကြောင်း ဒေသခံအချို့ကဆိုသည်။

ဦးသန်းထိုက်အားမည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ တိတိကျကျ မသိရပေ။

အလောင်းအား သကျက်တော‌ရွာအရေးပေါ်ကားဖြင့် ထားဝယ်မြို့သို့သယ်ဆောင်သွားပြီးနောက်  အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပထမအကြိမ် (ဇန်နဝါရီ ၁၃ ရက်က )ပစ်ခတ်ခံရချိန်ကမူ ဒလန်ဟု မှားယွင်းစွတ်စွဲကာ ပစ်ခတ်ခဲ့ခံရခြင်းဖြစ်ကြောင်း ဦးသန်းထိုက်က Dawei Watch အားပြောဆိုခဲ့ဖူးသည်။

ဦးသန်းထိုက်ပစ်ခတ်ခံရပြီး ယခုညပိုင်းတွင် ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်ပတ်သွားလာနေကြောင်း ဒေသခံအချို့ကဆိုသည်။

ပြီးခဲ့သည့် မေလ ၅ ရက်ညက သကျက်တောနယ်မြေရဲစခန်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက်ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။