ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား နှစ်ဦးသေဆုံး၊ ၁၃ဦး ဒဏ်ရာရ

0
345

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် တရားမဝင်မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့်ကားနှင့် ကုန်တင်ကား တိုက်မိသဖြင့် မြန်မာနှစ်ဦးနှင့် ထိုင်ငံသားကားမောင်းသူတို့ သေဆုံးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ချွန်ဖွန်ခရိုင် ထာ့စဲ့ဒေသရှိ ဖက်ခ်ျကစိုမ်လမ်းမပေါ် ကီလိုမီတာ ၄၇၆ တွင် ဇူလိုင်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်က မြန်မာအလုပ်သမားများ စီးလာသည့်ကားနှင့် ခြောက်ဘီးတပ် ကုန်တင်ကားတိုက်မိခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ကုန်တင်ကားသည် မောင်းနှင်လာစဉ် မြန်မာအလုပ်သမားများပါသော ပစ်ကပ်ကားမှာ ရွာလမ်းထဲမှ ရုတ်တရက် ထွက်လာရာ ကုန်တင်ကားက အရှိန်မထိန်းနိုင်ဘဲ ပစ်ကပ်ကား၏ ညာဘက်တံခါးကို ဝင်တိုက်ပြီး မြောင်းထဲ ထိုးကျသွားကြောင်း သတင်းများတွင် ရေးသားထားသည်။

ကားတိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသော မြန်မာအလုပ်သမား ၁၅ ဦးအနက် ၂ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိပြီး အသက် ၄၃ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားမောင်းသူတို့ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ငါးဦးတို့ လိုက်ပါလာကာ သေဆုံးသွားသူနှစ်ဦးမှာ အမျိုးသားများဖြစ်ကြောင်း ဖော်ပြသည်။

ကားအတွင်း ညှပ်နေသူများကို ကယ်ထုတ်၍ ဒဏ်ရာရရှိသူများကို ထာ့စဲ့ဆေးရုံနှင့် ချွန်ဖွန်ဆေးရုံများသို့ ကယ်ဆယ်ရေးအဖွဲ့များက ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် ကား၏အနောက်ခန်းတွင် မှောက်လျက် တန်းစီအိပ်လာခြင်းဖြစ်ကာ အပေါ်တွင် အမဲရောင်အစဖြင့် ဖုံးအုပ်ထားပြီး လူမသိအောင် တင်ဆောင်လာခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

၎င်းတို့သည် ကော့သောင်း – ရနောင်းနယ်စပ်မှတစ်ဆင့် ဝင်လာခြင်းဖြစ်ပြီး ဘန်ကောက်သို့ သွားနေစဉ်တွင် ကားတိုက်မှုနှင့် ကြုံတွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကားတိုက်မှုဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန် အသေးစိတ် စစ်ဆေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် ထိုင်းတောင်ပိုင်း စွန်ခရာခရိုင် စဒေါင်းဒေသ၌ မြန်မာအလုပ်သမားများပါလာသော မီနီဘတ်စ်ကားသည် ၁၈ ဘီးကုန်တင်ကားတစ်စီးနှင့် တိုက်မိသဖြင့် ကားပေါ်ပါ မြန်မာအလုပ်သမား တစ်ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။

Ref: Thairath