လောင်းလုံး ပိန္နဲတောရွာတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

0
200

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ပိန္နဲတောရွာ၌ ယနေ့ (ဇူလိုင် ၁၆) နံနက် ၆ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဖစု ခေါ် ဦးထွန်းထွန်းဝင်းဆိုသူ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်ကြားရတာကတော့ အိမ်ပေါ်က လာခေါ်သွားပြီး တောစပ်ရောက်မှ ပစ်သတ်သွားတယ်။ သေနတ်ဒဏ်ရာ ကိုးချက်လောက်ရှိတယ်လို့ ကြားရတယ်” ဟု ‌၎င်းဒေသခံက ဆိုသည်။

သေဆုံးသူ ဦးဖစုသည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ပါဝင်ဖူးကြောင်း ဒေသခံအချို့က ဆိုသည်။

၎င်းသည် ပန်းတလဲကျေးရွာသားဖြစ်ပြီး ပိန္နဲတောသူနှင့် အိမ်ထောင်ကျကာ ယင်းရွာတွင် သစ်စက်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

လောင်းကစားဝိုင်း ကန်ထရိုက်သမားတစ်ဦးဖြစ်သူ ယောက္ခမဖြစ်သူနှင့် ပေါင်းပြီး ယခင်က လောင်းကစားဝိုင်းများ ထောင်ရာတွင် ပါဝင်လေ့ရှိသည်ဟုလည်း ဒေသခံအချို့က ဆိုသည်။ လောင်းကစားဝိုင်းများတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပြီးနောက်ပိုင်း လုပ်ကိုင်သည်ကို မတွေ့ရတော့ကြောင်းလည်း ပြောဆိုကြသည်။

ဦးဖစုအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ မသိရသေးပေ။

လက်ရှိတွင် အလောင်းအား နာရေးကူညီမူကားဖြင့် ထားဝယ်ဆေးရုံသို့ တင်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။