မြိတ်မြို့ဘုံပျံစာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်

0
716

မြိတ်မြို့၊ရေပုန်းအုပ်စု၊ဘုံပျံရပ်ကွက်စာသင်ကျောင်းအနီး တက္ကသိုလ်မိန်းလမ်းမတွင် ယနေ့ နံနက် ၇ နာရီဝန်းကျင်က ပေါက်ကွဲသံတစ်ချက်ကြားခဲ့ရကြောင်း  ဘုံပျံဒေသခံများ ကအတည်ပြုပြောဆိုသည်။

ဒေသခံများကမူ မိုင်းကွဲသည့် အကြောင်းအရင်းကို မသိရှိကြပေ။

သို့သော် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကမူ နန်းထိုက်အောင် စစ်ဆင်ရေးအမည်ဖြင့် မြိတ်မြို့တွင် ယနေ့နံနက်က စစ်ကားတစ်စီးကို  မိုင်းဆွဲခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြိတ်မြို့၊ရေပုန်းရပ်ကွက်၊ ဘုံပျံစာသင်ကျောင်းသို့ သန့်ရှင်းရေးလုပ်အားပေးရန်လာသည့်စစ်ကောင်စီတပ်စီးလာသည့်ကားကို လမ်းမှဖြတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“အသံကတော်တော်ကျယ်တယ်။ လူတွေထိခိုက်တာမကြားရဘူး။ ဘယ်သူတွေလုပ်မှန်းလည်းမသိရဘူး”ဟု ဘုံပျံရပ်ကွက်နေ အမျိုးသား တစ်ဦးကပြောသည်။

ယင်းတိုက်ခိုက်မှုကို “နန်းထိုက်အောင်”စစ်ဆင်ရေးအမည်နဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြိတ်ပြည်သူလူထုနှင့်လုံးဝ(လုံးဝ)သက်ဆိုင်ခြင်းမရှိကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

မြိတ်ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီတပ်ကားများနှင့် နီးကပ်စွါမနေရန်လည်း ယင်းထုတ်ပြန်ချက်တွင် သတိပေးထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ ထုတ်ပြန်ချက်တွင် မပါရှိပေ။

ဗုံးပေါက်ကွဲပြီးနောက် ဘုံပျံစာသင်ကျောင်း အဝင်လမ်းကို စစ်ကောင်စီတပ်က  ဝင်ခွင့်မပေးတော့ဘဲ  ကြိုးတားကာ ပိတ်ထားပြီး စာသင်ကျောင်းအတွင်း ဌါနဆိုင်ရာများနှင့် စစ်ကောင်စီတပ်များ သန့်ရှင်းရေး ဆက်လက်လုပ်ဆောင်ခဲ့သည်ကို ယနေ့နံနက်က မြင်တွေ့ရကြောင်း ရပ်ကွက်နေသူများကပြောသည်။

ဘုံပျံရပ်ကွက်သည် လူနေထူထပ်သည့်ရပ်ကွက်တခုဖြစ်ပြီး ယင်းအနီးအနားဝန်းကျင်တွင် မြိတ်တက္ကသိုလ်နှင့် မြိတ်ခရိုင်အထွေထွေရောဂါကု ဆေးရုံကြီးရှိသည်။