သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
251

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်ဆိုသူသည် ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ခုနစ်ချက်လောက် ပစ်ခံရပြီး သေဆုံးသွားတယ်လို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဦးလှတင်သည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ကောင်စီသတင်းပေးလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်း၏ သတင်းပေးမှုကြောင့် NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူ လူငယ်များအား လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် ရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ပြည်သူနှင့် ပူးပေါင်းရန် ထုတ်ပြန်ထားပြီး မပူးပေါင်းလျှင် ရှင်းလင်းမည်ဟု လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။