သရက်ချောင်း စုံစင်ဖျားရွာထဲတွင် တပ်စွဲထားသောကြောင့် ရွာသားအချို့ပြောင်းရွှေ့

0
403

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာထဲတွင် စစ်ကောင်စီတပ်က တပ်လာစွဲထားတာကြောင့် ဒေသခံရွာသားအချို့ အခြားနေရာကို ပြောင်းရွှေ့နေထိုင်မှုများရှိလာကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောသည်။

တောင်ပျောက်တိုက်နယ်အတွင်း ဇွန်လကုန်ပိုင်းတွင် စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်ကောင်စီတပ် များသည် သဲချောင်းကြီးရွာ ရဲကင်းစခန်းနှင့် ကပ်လျက်ရှိနေသည့် ထားဝယ်-မြိတ်သွား ကားလမ်းမဘေးရှိ စုံစင်ဖျား ကျေးရွာ မီးသတ်ရုံး၊ စာသင်ကျောင်းနှင့် ရွာထဲမှ နေအိမ်နှစ်လုံးတွင် တပ်လာစွဲထားကြောင်း ၎င်းတို့က ဆိုသည်။

စုံစင်ဖျားရွာတွင် တပ်လာစွဲထားသည်မှာ ၁၀ ရက်ခန့်ရှိလာပြီ ဖြစ်သည်။

ယင်းသို့ တပ်လာစွဲထားသဖြင့် စိုးရိမ်ထိတ်လန့်ကာ ဒေသခံများ အခြားကျေးရွာအချို့သို့ ပြောင်းရွှေ့နေထိုင်ကြ ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်း ယင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်ရှိအနေအထားကတော့ ကောလာဟလ အသံကြားရင်းနဲ့ နောက်ထပ် ဒီထက်ကြမ်းတဲ့ တပ်တွေလာမယ် ဆိုတော့ လူတွေကက ပြေးကြတာ။ တချို့ကလည်း ကြောက်လို့ ပြေးကြတယ်။ တချို့ကလည်း နေ့ဘက်နေပြီး ညဘက် (တခြားရွာ) ရွှေ့ပြီး အိပ်ကြတယ်။ တပ်နဲ့နီးတဲ့ အိမ်တွေကတော့ ညဘက်ကို အိပ်မရဲဘူးပေါ့နော်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

စစ်တပ်နှင့်နီးသည့် အိမ်များမှ ဒေသခံအချို့မှာ ရွာထဲရှိ အခြားဆွေမျိုးများအိမ်တွင် ညအိပ်ပြီး ကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်သူများလည်းရှိကြောင်း ၎င်းက ဆိုသည်။

စုံစင်ဖျားကျေးရွာတွင် အိမ်ခြေ ၂၇၀ ခန့်ရှိပြီး လူဦးရေ တစ်ထောင်ကျော်ရှိသည့်ရွာဖြစ်သည်။ ကိန်းဂဏန်းအတိအကျ မရှိသော်လည်း တပ်စွဲထားသည့် ကာလအတွင်း တစတစပြောင်းရွှေ့နေသည့် ဒေသခံ သုံးရာကျော် ရှိနိုင်ကြောင်း ဒေသခံအချို့က ပြောသည်။ 

စုံစင်ဖျားကျေးရွာစာသင်ကျောင်းတွင် လက်နက်ကြီးများ၊ အမြှောက်များချထားသည်ကိုလည်း‌တွေ့ရပြီး မီးသတ်ရုံးရှေ့မှ ဖြတ်သန်းသွားသူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

“အခုနေ့လယ် ၁၂ နာရီကျော်မှာ စုံစင်ဖျားရွာစာသင်ကျောင်းကနေ တောင်ပျောက်ဘက်ကို လက်နက်ကြီး ၅ လုံးပစ်တယ်” ဟု စုံစင်ဖျားရွာက ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီးနောက် တောင်ပျောက်တိုက်နယ် သဲချောင်းကြီး၊ ကျွဲခြံ၊ ဝင်းကဖော်၊ ဗြက်ဝိသား၊ အလယ်စု၊ တောင်ပျောက်၊ ကျောက်အိုင် စသည့် ကျေးရွာ ၇ ရွာခန့်မှ ဒေသခံ ခြောက်ထောင်ကျော် စစ်ဘေးရှောင်နေကြရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။ 

တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခွင့်ဖြတ်တောက်ထားပြီး လက်ရှိတွင် ဖုန်းလိုင်းများပါ ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။