တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
338

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ

အီတလီရေခဲတောင်ပြိုကျလို့ လူ ၇ ယောက်သေဆုံး

Photo by Jan Hetfleisch / Getty Images

အီတလီနိုင်ငံမြောက်ပိုင်း၊ အဲ့လ်ပ်စ်တောင်တန်းက မာမိုလာဒါရေခဲတောင်သည် ဇူလိုင် ၃ ရက်နေ့မှာ ပြိုကျခဲ့လို့ အနည်းဆုံး လူ (၇) ဦးသေဆုံးခဲ့ကာ နောက်ထပ် ဒဏ်ရာရရှိသူ ၈ ဦးထဲက ၂ ဦးမှာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့အရေးပေါ်ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။

သေဆုံးတဲ့ (၇) ဦးထဲက (၃)ဦးဟာ အီတလီနိုင်ငံသားတွေဖြစ်ပြီး (၂)ဦးက လမ်းပြတွေလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဖော်ထုတ်ထားနိုင်ခဲ့ပါတယ်။

ဘာကြောင့် ရေခဲတောင်ပြိုကျတယ်ဆိုတာ တိတိကျကျမထုတ်ပြန်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာ အဲဒီနေရာဟာ သာမန်အပူချိန်ထက်မြင့်တက်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ပြောခွင့်ရသူ ဝေါ်တာ မီလန်က အီတလီအစိုးရရုပ်သံကိုပြောကြားထားပါတယ်။

Ref: BBC

စင်ကာပူကိုကျော်တက်ပြီး ဘန်ကောက်က အရှေ့တောင်အာရှရဲ့ အကောင်းဆုံးမြို့တော်ဖြစ်လာ

၂၀၂၂ ခုနှစ်အတွက် အရှေ့တောင်အာရှရဲ့ အကောင်းဆုံးမြို့တော် ၁၀ ခုကို စာရင်းထုတ်ပြန်ခဲ့ရာ ဘန်ကောက်ဟာ ထိပ်ဆုံးအဆင့်နဲ့ အကောင်းဆုံးမြို့တော်အဖြစ် သတ်မှတ်ဖော်ပြခြင်းခံရတယ်လို့ Travel+Leisure Southeast Asia က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပူပူစပ်စပ်လမ်းဘေးအစားအသောက်တွေနဲ့ နွေးထွေးတဲ့ အပြုံးတွေက ဘန်ကောက်မြို့တော်ရဲ့ စွဲဆောင်မှု၊ ခရီးသွားကြိုက်နှစ်သက်မှုဖြစ်တယ်လို့ အသုံးစရိတ်နဲ့ ခရီးသွားခံစားမှုအရသာပေါ် မူတည်ပြီးတော့ စစ်တမ်းကောက်ခြင်းတွေကနေ ခရီးသွားတွေက ဖြေကြားပေးခဲ့ကြပါတယ်။

အဆိုပါ စာရင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တန်းက ထုတ်ပြန်ဖော်ပြခဲ့ပြီး အခြားအကောင်းဆုံးမြို့တော် ၉ ခုစာရင်းမှာဆိုရင် စင်ကာပူ၊ ဒါနန်း၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ချင်းမိုင်၊ ဟောင်ကောင်၊ ဟိုချီမင်း၊ ဖနွမ်းပင်နဲ့ ဂျာကာတာတို့ ဖြစ်ကြပါတယ်။

Ref: Bangkok Post

ယူကရိန်းကနေထွက်လာတဲ့ ရုရှားအလံတင်ရိက္ခာသင်္ဘော တူရကီထိန်းသိမ်း

ယူကရိန်းနိုင်ငံကနေထွက်လာပြီး ရုရှားအလံတင်ထားတဲ့ ကုန်သင်္ဘောတစ်စင်းကို တူရကီအကောက်ခွန်အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ တူရကီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးကပြောပါတယ်။

 “ကျတော်တို့ အပြည့်အဝပူးပေါင်းဆောင်ရွက်နေပါတယ်။ လက်ရှိတော့ အဲဒီသင်္ဘော ဆိပ်ကမ်းဝင်ပေါက်မှာရှိနေပါတယ်။ တူရကီအကောက်ခွန်အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တာပါ။” လို့ သံအမတ်ကြီး Vasyl Bodnar ကပြောပါတယ်။

ကုန်တွေဘယ်ကလာသလဲဆိုတာနဲ့ ဘယ်လိုရခဲ့သလဲဆိုတာကို သေချာမသိသေးပေမဲ့ ရုရှားကတော့ ယူကရိန်းနယ်ထဲကနေ ရိက္ခာတွေကို ခိုးထုတ်နေတယ်လို့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

Ref: BBC

အမေရိကန်လွတ်လပ်ရေးနေ့ချီတက်ပွဲမှာ ပစ်ခတ်မှုဖြစ်လို့ လူ (၆)ဦးသေဆုံး

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်မှာ ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ ချီတက်သရုပ်ပြမှုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် လူ (၆) ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

ဒီပစ်ခတ်မှုမှာ လူအနည်းဆုံး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သလို သေနတ်သမားကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ထုတ်ပြန်ပါတယ်။

သေနတ်သမားက ခေါင်မိုးပေါ်တက်ပြီး ပြင်းအားမြင့်ရိုင်ဖယ်သေနတ်ဖြင့်ပစ်ခတ်ခဲ့လို့ ဒါဟာ လူအုပ်ကြားထဲ ပစ်ခတ်မှုဖြစ်လို့ ထိန့်လန့်တုန်လှုပ်မိတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

Ref: BBC

သြစတြေးလျရေကြီးမှု လူ ၈ သောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေဖို့ သတိပေး

သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးမြို့ ဆစ်ဒနီမှာ အခုနှစ်အတွင်း တတိယမြောက်ရေကြီးမှုကြောင့် လူ ၈၅၀၀၀ကျော်ကို သူတို့အိမ်တွေကနေ ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ လာနီညာရာသီဥတုပုံစံကြောင့် မိုးလေးရက်ဆက်ရွာသွန်းလို့ ကျယ်ကျယ်ပြန့်ပြန့်ရေကြီးနေပြီး နယူးဆော့သ်ဝေးပြည်နယ်မှာ အရေးပေါ်အခြေအနေကြောင့် ပြောင်းရွှေ့ရန် အမိန့် ၁၀၀ ကျော်ထုတ်ပြန်ထားခဲ့ရတာပါ။

Ref: REUTERS

ဟောင်ကောင်ကမ်းလွန်မှာ မုန်တိုင်းကြောင့် ထက်ပိုင်းကျိုးသွားတဲ့ သင်္ဘောမှာ သေဆုံးသူ ၁၂ ဦးတွေ့ရှိ

ဟောင်ကောင်ကမ်းလွန် တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်းအတွင်း ထက်ပိုင်းကျိုးခဲ့သော သင်္ဘောပေါ်မှ သင်္ဘောသား ၁၂ ဦးရဲ့ အလောင်းကို တွေ့ရှိရကာ အများစုမှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဇူလိုင်လ ၄ ရက်နေ့မှာ အရာရှိတွေက ပြောကြားကြပါတယ်။ ‌

ဟောင်ကောင်ရဲ့ အနောက်တောင်ဖက် ရေမိုင် ၁၆၀ တွင် ရောက်ရှိနေခဲ့တဲ့ အင်ဂျင်နီယာလုပ်ငန်း သင်္ဘောက ဇူလိုင် ၂ ရက်နေ့တွင် မုန်တိုင်းကြောင့် ပျက်စီးမှု ကြီးမားပြီး ထက်ပိုင်းကျိုးသွားခဲ့လို့ သင်္ဘောသားများဟာ သင်္ဘောကို စွန့်ခွာသွားလို့ ပျောက်ဆုံးမှုများခဲ့ကြောင်းသိရပါတယ်။

အဆိုပါနစ်မြုပ်သွားတဲ့ သင်္ဘောပေါ်ကနေ တနင်္လာနေ့အထိ လူ ၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားပါတယ်။

Ref: CNA

ဒိန်းမတ်မြို့တော်ကကုန်တိုက်မှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦးသေဆုံး

ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်ရှိ Field ကုန်တိုက်တစ်ခုမှာ ဇူလိုင် ၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ (၃)ဦးသေဆုံးပြီး အပြင်းအထန်ဒဏ်ရာရတဲ့လူ(၄) ဦးအပါအဝင် နောက်ထပ်အများအပြား ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ကိုပင်ဟေဂင်မြို့တောင်ပိုင်းက Field ကုန်တိုက်ခွဲတွေထဲကတစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ဖြစ်ပွားခဲ့တဲ့သေနတ်သမား အသက် ၂၂ နှစ်အရွယ်အမျိုးသားကိုလည်း ဖမ်းဆီးထားနိုင်ခဲ့ပါတယ်။

ဖမ်းမိချိန်မှာ တိုက်ခိုက်မှုသံသယတရားခံဟာ ရိုင်ဖယ်နဲ့ကျည်တွေပိုင်ဆိုင်ထားကာ နောက်တစ်နေ့မှာ သူ့ကို တရားရုံးက စစ်ဆေးလိမ့်မယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

Ref: BBC

ဗြိတိန်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်တော့မယ်

ဗြိတိန်နိုင်ငံအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ အခြားအဖွဲ့ဝင်ပေါင်း ၅၀ ကျော်နှုတ်ထွက်ကြပြီးတဲ့အခါမှာတော့ ၀န်ကြီးချုပ် ဘောာရစ်ဂျွန်ဆင်ရာထူးမှ နုတ်ထွက်တော့မည်ဟု ဇူလိုင်လ ၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

သို့ပေမဲ့ ၀န်ကြီးချုပ်အသစ်မရွေးချယ်ရသေးမီကာလတစ်လျှောက်တော့ ရာထူးတာဝန်များကို ဆက်လက်ထမ်းဆောင်နေဦးမယ်လို့ ပြောကြားထားပါတယ်။

လက်ရှိအခြေအနေအရတော့ ဗြိတိန်အစိုးရအဖွဲ့ဝင်များအနေနဲ့ခေါင်းဆောင်အသစ်ကို ရွေးချယ်ရတော့မှာဖြစ်ပြီး နောက်တစ်ပတ်ကျရင် ဘယ်အချိန်ရွေးချယ်မလဲနဲ့ပက်သက်လို့ ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။

Ref: CNA

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်သေဆုံး

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဇူလိုင် ၈ ရက်မနက်ပိုင်းက ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောနေစဥ် ရင်ဘတ်ကို သေနတ်နဲ့ပစ်ခတ်ခံလိုက်ရပြီးနောက် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ NHK က ကြေညာလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဟောင်းဟာ နာရာမြို့မှာရှိတဲ့ မီးရထားဘူတာအနီးမှာ မိန့်ခွန်းပြောကြားနေတုန်း သေနတ်နဲ့အပစ်ခံရပြီးနောက် ဆေးရုံကို ဟယ်လီကော်ပတာနဲ့ ချက်ချင်းပို့ဆောင်ခဲ့ပေမဲ့ အခုချိန်မှာတော့ သေဆုံးသွားပီလို့ ကြေညာခဲ့ပါတယ်။

သေဆုံးချိန်မှာတော့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး အခင်းဖြစ်တဲ့အနီးမှာတော့ အမျိုးသားတစ်ဦးကို သေနတ်နဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ဖော်ပြထားပါတယ်။

Ref: NHK