စားဝတ်နေရေးကျပ်တည်းလာတဲ့ တောင်ပိုင်းသားတွေ

0
59

အရင်က ခူးမယ့်သူမရှိတဲ့ ရပ်ကွက်ထဲက ရေအိုင်ထဲအလေ့ကျပေါက်နေတဲ့ ကန်စွန်းပင်လေးတွေမှာ အညွန့်ထွက်ချိန်ပင်မရတော့။

ယခင်က ယောင်လို့ပင် လမ်းဘေးကန်စွန်းခင်းနား ဖြတ်မလျှောက်တဲ့ ဒေသခံတွေမှာ အခုတော့ ဟင်းတစ်ခွက်ရဖို့ ကန်စွန်းခင်းအညွန့်ထွက်ချိန် ဦးအောင်အလုအယက် စောင့်ခူးနေကြပါတယ်။

“အရင်က ဒီကန်စွမ်းခင်းကို ကလေးတစ်ယောက်စနှစ်ယောက်စပဲ လာခူးကြတယ်။ အခုလာခူးသူတွေက ကလေးရောလူကြီးပါ အရင်ကထက်များလာလို့ အညွန့်တောင် တက်မနိုင်တော့ဘူး” ဟု ဆိုလာသူက မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်ဝင်းပါ။

သူ့အိမ်အနီး မြေကွက်လပ်ရေအိုင်မှာ သဘာဝအတိုင်း ပေါက်နေတဲ့ ကန်စွန်း ခင်းလေးကို လက်ညိုးထိုးပြီး အဲဒီလိုပြောလိုက်တာပါ။

ကန်စွန်းခင်းလေးက သူပြောသလို ရေခါးလောက်နက်တဲ့ နေရာမှာသာ စိမ်းစိုနေပြီး ရေတိမ်တဲ့ နေရာတွေမှာတော့ ချိုးယူထားကြလို့ ရိုးတံတွေသာ ရှိပါတော့တယ်။

စားဖို့ချိုးကြသူတွေရှိသလို ရောင်းဖို့လာချိုးကြတဲ့ ကလေးတွေလည်း ရှိတယ်လို့ သူမကပြောပြပါတယ်။

ဖုန်းတာဝါတိုင် ပတ်ပတ်လည်မှာ ပေါက်နေတဲ့ ကန်စွန်းခင်းလေး အရင်က ကောက်ယူသူမရှိသလောက် ရှားပေမယ့် ခုတော့ ကောက်ယူသူများလွန်းလို့ ပြုန်းတီးသွားမှာကိုတောင် စိုးရိမ်နေတယ်လို့ အခြားရပ်ကွက် တစ်ခုက အမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။

“နောက်နှစ်စားဖို့ အငုတ်လေးတော့ ချန်ထားကြဦးဟဲ့ ဆိုပြီး လာလာကောက်တိုင်း အမြဲအော်နေရတယ်” လို့လည်း သူမက ပြောလိုက်ပါတယ်။

ရပ်ကွက်ထဲက အလေ့ကျပေါက်နေတဲ့ ကန်စွန်းခင်းတွေမှာ လူမပြတ်သလောက် စည်ကားနေပေမဲ့ ရပ်ကွက်ထဲက ဈေးတွေမှာတော့ ဝယ်သူမရှိလို့ ဈေးသည်တွေ ညည်းညူနေသံက အချိန်မလပ် ကြားနေရပါတယ်။

ဈေးတွေမှာ ဝယ်သူမရှိခြောက်ကပ်နေပြီး ရောင်းသူတွေပဲ ခြောက်ကပ်ကပ် ဈေးဘန်းတွေနဲ့အတူ ဝယ်သူကို မျှော်နေကြတာပါ။

ဈေးထဲမှာတော့ ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ လွန်ခဲ့တဲ့ ငါးလခြောက်လ ဝန်းကျင်ကစပြီး လာရောက်ဈေးဝယ်သူ လျော့နည်းသွားတယ်လို့ ဈေးသည်တွေကပြောပါတယ်။

ဈေးထဲမှ ကြက်သားသည်တစ်ဦးကလည်း ယခင်က တစ်နေ့ ကြက်သား ပိဿာ ၂၀ ကနေ ၂၅ ပိဿာအထိ ရောင်းချခဲ့ပေမယ့် အခုတော့ တစ်နေ့ ၁၅ ပိဿာထက် ပိုမရောင်းချရတော့ဘူးလို့ ဆိုပါတယ်။

ငါးစိမ်းရောင်းတဲ့ အဒေါ်ကြီးကလည်း “မွန်းတည့်တဲ့အထိ ငါးကမကုန်သေးဘူးဆိုရင် ငါးရာတစ်ထောင် အရှုံးခံပြီး ရောင်းလိုက်ရတဲ့နေ့တွေ အများကြီးရှိတယ်”လို့ ညည်းပါတယ်။

ဝယ်သူနည်းလွန်းတဲ့အတွက် “လူတွေဘယ်ရောက်ကုန်ကြပြီလဲ” ဆိုပြီး ဈေးသည်တွေ အော်သံကို မကြာမကြာ ကြားနေရတယ်လို့ မြိတ်မြို့က အိမ်ရှင်မတစ်ဦးကဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံမှာ နေထိုင်သူလူဦးရေ ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုကို ခံစားရလိမ့်မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ခန့်မှန်းထားပါတယ်။

အခုနောက်ဆုံးသတ်မှတ်ထားတဲ့ နိုင်ငံတကာဆင်းရဲမွဲတေမှု ဝင်ငွေသတ်မှတ်ချက်ဖြစ်တဲ့ တစ်နေ့ကို ၆၀၀၀ ကျပ်ခန့်ထက်လျော့နည်းတဲ့သူကို ဆင်းရဲမွဲတေသူလို့ ကုလသမဂ္ဂက သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီဝင်ငွေပမာဏထက်နိမ့်ကျတဲ့သူ ၂၅ သန်းလောက်ရှိလာမယ်လို့ UNDP ကခန့်မှန်းထားတာပါ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာတော့ စီးပွားရေးကျပ်တည်းလာတာ၊ အလုပ်အကိုင် ရှားပါးလာတာတွေနဲ့အတူ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းသားတွေမှာ စား၊ဝတ်‌၊နေရေး အခက်အခဲတွေ စတင်ရင်ဆိုင်လာနေရတာ ဖြစ်ပါတယ်။

ကျွန်းတွေကိုအမှီပြုပြီး ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း အရောင်းအဝယ် လုပ်ငန်းတွေနဲ့ အူစိုခဲ့တဲ့ မြိတ်မြို့ဟာ ခုချိန်မှာတော့ ရောဂါနဲ့ စစ်ရေး ကပ်ဘေးတွေကြောင့် အပျော်ခရီးသွားလာသူမရှိဘဲ ခြောက်ကပ်လို့နေပါတယ်။

ပုံမှန်တိုးဝှေ့ ဝယ်ယူရောင်းချနေရတဲ့ ဘီယာဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေကနေ လမ်းဘေး ဆိုင်ငယ်လေးအထိ ယခင်လို အရောင်းအဝယ် မကောင်းတော့တဲ့ အခြေအနေတွေ မြင်တွေ့နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စက်သုံးဆီ ဈေးနှုန်း အပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ငါးဖမ်းလုပ်ငန်းတွေလည်း အရှုံးနဲ့ရင်ဆိုင်နေကြရသလို လယ်ယာလုပ်ငန်းတွေကလည်း သွင်းအားစု (ဓာတ်မြေဩဇာ၊ လောင်စာဆီ၊ ပိုးသတ်ဆေး စသဖြင့်) ဈေးတွေ အလွန်အမင်းတက်နေလို့ လုပ်မနိုင်ဖြစ်နေပါတယ်။

ဒီအခြေအနေထဲမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေက နပ်မှန်အောင် စားရဖို့တောင် မမျှော်မှန်းရဲလောက်အောင် ဖြစ်နေပါပြီ။

အလုပ်အကိုင် ရှားပါးလာတဲ့အတွက် ပုံမှန်ဝင်ငွေ မရှိချိန်မှာ အခြေခံစားသောက်ကုန် ဈေးတွေက အလွန်းအမင်း မြင့်တက်လာတာကြောင့် အသား၊ ငါးတွေ ဝယ်မစားနိုင်သူတွေ များလာနေပါပြီ။

အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်နေကြတဲ့ မြိတ်မြို့က ရပ်ကွက်တစ်ချို့တွေမှာ အဲဒီလိုအဖြစ်အပျက်တွေ မြင်တွေ့နေရပြီလို့ အရပ်တကာ လှည့်လည်ပြီး အသီးအရွက် သားငါးတွေ ရောင်းချနေသူတွေ ကပြောပါတယ်။

“အမျိုးသမီးတစ်ယောက်ဆို ဈေးဝယ်မစားနိုင်လို့ သူ့ယောက်ျားက ငါးသွားမျှားတာ ငါးတစ်ကောင်ရလာတယ်။ အဲဒါချက်စားဖို့တောင် ဆီမဝယ်နိုင်ဘူး”

လို့ သူမက ကြုံတွေ့ရတာကို တစ်ဆင့်ပြန်ပြောပါတယ်။

သူညွန်းဆိုခဲ့တဲ့ အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက ငါးဖမ်းလှေလိုက်ပြီး ငါးဖမ်းရာသီ ၃ လနားနေချိန်မို့ ဝင်ငွေကမရှိတော့တဲ့အတွက် အခုလို ကျပ်တည်းလာကြတာ ဖြစ်ပါတယ်။

ငါးဖမ်းရာသီနားချိန်မှာ အရင်က ကျပန်းအလုပ်ကနေ ငွေရှာနိုင်ပေမယ့် အခု အလုပ်အကိုင် ရှားပါးလာတော့ အလုပ်တစ်ရက်လုပ်ပြီး ၃ ရက်လောက်နားနေရတယ်လို့ ဈေးသည်အမျိုးသမီးက ဆိုပါတယ်။

မြိတ်မြို့မှာ ကမ်းဝေးငါးဖမ်းလှေ ၈၀၀ လောက်ရှိပြီး ကမ်းနီးငါးဖမ်းလှေတွေက ထောင်ချီရှိနေပါတယ်။

အဲဒီငါးဖမ်းလှေတွေမှာ အခြေခံလူတန်းစား ၉၅ ရာခိုင်နှုန်း ကျော်က လုပ်ကိုင်နေကြတာပါ။

ငါးဖမ်းလှေ နားချိန် ၃ လမှာတော့ လှေသမားတွေက ပန်းရံ၊ လက်သမား၊ ကုန်တင်ကုန်ချ စတဲ့ ကျပန်းအလုပ်တွေကို လုပ်ကြပါတယ်။

ငွေရှာရခက်လာချိန်မှာ ကုန်ဈေးနှုန်းက အလွန်အမင်းတက်လာတော့ အခြေခံလူတန်းစားတွေ ထမင်းနပ်မှန်အောင် စားရဖို့ ခက်ခဲလာတာပါ။

အာဏာမသိမ်းခင် ၂၀၂၁ ဖေဖော်ဝါရီ မတိုင်ခင်က ဆန်ကြမ်းတစ်ပြည် ၈၀၀ ကျပ်သာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တစ်ပြည်ကို ၁၆၀၀ ကျပ်နဲ့ ဝယ်စားနေကြရပါတယ်။

အလားတူ စားသုံးဆီတစ်လီတာဝင်တစ်ဘူး ၁၉၀၀ ကျပ်ပေါက်ဈေးရှိရာမှ ယခုဆိုရင် ၄၅၀၀ ကျပ်ပေးပြီး ဝယ်စားနေရပါပြီ။

ဒါ့အပြင် ကြက်သွန် တစ်ပိဿာ ၈၀၀ ကနေ ၂၂၀၀ ကျပ်၊ ငရုပ်သီးခြောက် တစ်ဆယ်သား ၇၀၀ ကနေ ၁၄၀၀ ကျပ်၊ ဆားတစ်ပိဿာ ၃၀၀ ကနေ ၆၀၀ ကျပ်၊ အချိုမုန့် ၂၀၀ တန်ကအခု ၅၀၀ ကျပ်၊ဆပ်ပြာအကြမ်း တစ်တောင့် ၂၅၀ ကနေ ၅၀၀ ကျပ် စသဖြင့် ကုန်ဈေးနှုန်းက ၂ ဆကနေ ၃ ဆ အထိမြင့်တက်လာတာပါ။

အခြောက်အခြမ်းတွေ ဈေးတက်လာသလို အသီးအရွက်သားငါးတွေကလည်း ရပ်တန့်မနေပါဘူး။

ကန်စွန်းရွက်တစ်စည်း ၁၀၀ ကနေ ၃၀၀ ကျပ်၊ ချဉ်ပေါင် ၁၀၀ ကျပ်ကနေ ၃၀၀ ကျပ်၊ ပဲတောင့်ရှည်တစ်စည်း ၂၀၀ ကျပ်ကနေ ခုဆို ၅၀၀ ကျပ် ကိုလိုက်တက်သွားပါတယ်။

အလားတူ အမဲသား၊ကြက်သား၊ဝက်သားတွေလည်း ဈေးတက်သွားပြီး ငါးဈေးကလည်း ထက်ဝက်ခေါက်ချိုး ဈေးတက်သွားပါတယ်လို့ အိမ်ရှင်မတွေကပြောပါတယ်။

ဒါ့အပြင် နေ့စဉ်မရှိမဖြစ်သုံးစွဲနေရတဲ့ နှစ်ဆယ်လီတာဝင် သောက်ရေသန့်တစ်ဘူး အာဏာမသိမ်းမီ ၅၀၀ ကျပ်သာရှိခဲ့ပေမယ့်လည်း လက်ရှိမှာ ၉၀၀ ကျပ်နဲ့ မြိတ်မြို့နေ ပြည်သူတွေက သောက်သုံးနေကြရပါတယ်။

အလားတူမြိတ်မြို့မှာ ချိုးရေသုံးရေတစ်ယူနစ် ၁၂၀၀ ကျပ်ကနေ အခုဆိုရင် ၂၅၀၀ ကျပ်ကို ဈေးတက်သွားပါပြီ။ လျှပ်စစ်မီတာခကလည်း အာဏာမသိမ်းမီက တစ်ယူနစ် ကျပ် ၂၀၀ ကျော်ပေးဆောင်နေရာကနေ လက်ရှိမှာတော့ ကျပ် ၈၀၀ ကျော်အထိ ပြည်သူတွေက နင့်နေအောင် ပေးဆောင်နေကြရပါတယ်။

မီတာခ အချိန်မီမပေးနိုင်လို့ မီးအဖြတ်ခံရတဲ့ နေအိမ်တွေလည်း အခြေခံလူတန်းစားတွေရဲ့ ရပ်ကွက်အတွင်း ရှိလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

“အရင်က နှစ်ရက်စာ စားရမဲ့စရိတ်(ငွေ) ခုတစ်ရက်စာပဲဖြစ်သွားတဲ့ သဘောပဲ လူတွေရဲ့ လုပ်အားခကတော့ ဒုံရင်းကဒုံရင်းပဲ တိုးလည်းမဖြစ်စလောက်လေးပဲ တိုးတာ”ဟု တစ်လ တစ်သိန်းရှစ်သောင်းကျပ်နဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးက ပြောပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့် ရပ်ကွက်အတွင်း လက်လီရောင်းချနေတဲ့ ကုန်စုံဆိုင်တွေမှာ ယခင်ငွေသုံးရာကျပ်နဲ့ စားသုံးဆီ ဝယ်ယူလို့ရခဲ့ပေမယ့် ယခုအချိန်မှာတော့ မရောင်းပေးတော့ဘဲ အနည်းဆုံးငါးရာကျပ်ဖိုးဝယ်ယူမှ ရောင်းပေးတော့တယ်လို့ မြိတ်မြို့၊မြို့သစ် ရပ်ကွက်အတွင်း နေထိုင်တဲ့ အခြေခံလူတန်းစား တဦးဖြစ်သူ မဖြူကပြောပါတယ်။

“ဆီဈေးကြီးလာပြီးနောက်ပိုင်း ငါးတောင်ကြော်မစားနိုင်တော့ဘူး။ ကင်ပြီးစားလိုစား ပအုန်းရည် (ဓနိအချဉ်ရည်) နဲ့ ပြုတ်ပြီးစားလိုစား အဲလိုလုပ်ပြီးစားနေရတယ်” လိုလည်း သူမရှင်းပြပါတယ်။

လကုန်ရင် လစာထုတ်ပြီး မီးဖိုချောင်ပစ္စည်း သုံးသောင်းဖိုးဝယ်နေရာကနေ ခုဆိုရင်ငါးသောင်းဖိုး ဝယ်ရင်တောင် အရင်လိုမရတော့ဘူး လို့ကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေတဲ့ မမွန်ကလည်း ညည်းပါတယ်။

“ငရုတ်သီးကြက်သွန်ဆန်ဆီဆား အကုန်ဈေးတက်တယ် ရတဲ့လစာလုပ်အားခက မဆိုစလောက်လေးပဲ ဆိုတော့ ရှေ့ဆက်ဘယ်လိုရပ်တည်ရမလဲ စဉ်းတောင် မစဉ်းစားရဲတော့ဘူး”

လို့သူမက ဆိုလိုက်ပါတယ်။