လောင်းလုံးတွင် ‌ဘေးအန္တရာယ်ကင်းရေး နတ်တင်ဆုတောင်းမှုများလာ

0
1760
လောင်းမြို့နယ်ရှိ ကျေးရွာတစ်ခု၏ ရွာထိပ်တွင် ကိုးကွယ်ထားရှိသော ရှင်ကြီးအိမ် နတ်နန်းကိုယနေ့တွေ့ရစဉ်

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သတ်ဖြတ်၊ ဖမ်းဆီးခံရမှု၊ လုယက်ခံရမှု၊ နေအိမ်မီးရှို့ခံရမှု စသဖြင့်ဘေးအန္တရာယ်များ ကျရောက်နေမှုကြောင့် ဒေသခံများမှာ ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ကာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆုတောင်းမှုများ လုပ်ဆောင်လာကြသည်။

ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံအများအပြား နေအိမ်စွန့်ခွာ ထွက်ပြေးနေကြသလို ထွက်မပြေးဘဲ ကျန်နေသူများကလည်း အန္တရာယ်ကင်းရှင်းရေး ဆုတောင်းပွဲများ လုပ်ဆောင်နေကြသည်။

“ကျွန်မတို့ရွာမှာဆိုရင် ရှင်ဂီးအိမ်(ရွာတော်ရှင်ဖိုးဖိုးအိမ်) ကန်တော့ပွဲပြတ်တယ်ကို မရှိဘူး။ နေ့တိုင်းကန်တော့ပွဲပေးပြီး ဆုတောင်းနေကြရတာ” ဟု လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် နေအိမ်စွန့်ခွာ ထွက်မပြေးနိုင်သည့် လောင်းလုံးဒေသခံများမှာ အုန်းပွဲ၊ ငှက်ပျောပွဲများနှင့် ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ခြင်း၊ ပရိတ်ကြီးနှင့် ပဌာန်းတရားတော်များဖွင့်ပြီး ဘေးရန်ကင်းရေး ဆုတောင်းခြင်းတို့ လုပ်ဆောင်နေကြသည်ကို တွေ့မြင်ရသည်။

လောင်းမြို့နယ်ရှိ ကျေးရွာတစ်ခု၏ ရွာထိပ်တွင် ကိုးကွယ်ထားရှိသော ရှင်ကြီးအိမ် နတ်နန်းကိုယနေ့တွေ့ရစဉ်

တရားမဲ့ဖမ်းဆီး၊သတ်ဖြတ်ခံရမှုများအပါအဝင် ကပ်ဘေးများ ကျရောက်နေမှုကြောင့် အားကိုးရာမဲ့နေသည့် ဒေသခံများမှာ ကိုးကွယ်ယုံကြည်ရာ ဓလေ့အယူအဆအလိုက် နတ်တင်ဆုတောင်းမှုများ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စစ်ကောင်စီတပ်များ၏ လောင်းလုံးမြို့နယ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ စတင်သည့် ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အတွင်း သတ်ဖြတ်ခံရမှုကြောင့် ၆ ဦးသေဆုံးခဲ့ပြီး ၁ ဦးမှာနှလုံးရောဂါဖောက်ကာ သေဆုံးခဲ့ကြောင်း၊ ၃၇ ဦးဖမ်းဆီးခံရပြီး လူပေါင်း ၄၀၀၀ ခန့်နေအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ရွာတော်ရှင်ဖိုးဖိုးအိမ်မှာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ထားဝယ်လူမျိုးများ ယုံကြည်ကိုးကွယ်ကြသည့် ရိုးရာနတ်ဖြစ်ပြီး ပုံမှန်ဆိုပါက နတ်တော်လ (ဒီဇင်ဘာ-ဇန်နဝါရီ)တွင် နတ်ပွဲများကျင်းပလေ့ရှိကြသည်။

ဥယျာဉ်၊လယ်ယာ လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်နိုင်ရန်၊ အိမ်ဆောက်ခြင်း၊ ယာဉ်(ကား၊ ဆိုင်ကယ်၊ စက်လှေ စသဖြင့်)အသစ်ဝယ်ယူခြင်း စသည်တို့တွင် အန္တရာယ်ကင်းရှင်းစေရန် ရွာတော်ရှင်ဖိုးဖိုးအိမ် ကန်တော့ပွဲပေးကာ ပူဇော်ပသလေ့ရှိကြသည်။

ရှင်ဂီးအိမ်နတ် ပူဇော်ပသမှုများကို လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် ပြုလုပ်လေ့ရှိသည်။