လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု အသိမ်းခံရ၊ အဖွဲ့ဝင်တစ်ဦးလည်း အဖမ်းခံရ

0
868

လောင်းလုံးမြို့နယ်က PDF စခန်းတစ်ခု ဇွန်လ ၃၀ ရက်က အသိမ်းခံခဲ့ရပြီး အဖွဲ့ဝင်တစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် အဖမ်းခံထားရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဇူလိုင် ၄) သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့နယ် ကျောက်ဆင်းကျေးရွာအုပ်စု ကမ်းပနီကျေးရွာအနီး တောထဲတစ်နေရာရှိ PDF စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကမ်းပနီကျေးရွာသည် ထားဝယ် မျှော်ရစ်ဘုရားသွား လမ်းပေါ်တွင်တည်ရှိသည့် ပင်လယ်ကမ်းခြေရွာ တစ်ရွာဖြစ်ပြီး ထားဝယ်မြို့မှ ၁၆ မိုင်၊ လောင်းလုံးမြို့မှ ၂၆ မိုင်၊ မောင်းမကန်ကမ်းခြေမှ ၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဒလန်သတင်းပေးမှုကြောင့် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခဲ့ရာ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာဖြင့် အဖမ်းခံရပြီး ကျန်အဖွဲ့ဝင်များ လွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ အမြောက်အများ သိမ်းဆည်းခံလိုက်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF စခန်းအား စီးနင်းပြီးနောက် သိမ်းဆည်းရရှိသည့် ပစ္စည်းများအား ဒေသခံတစ်ဦး၏ကားကို အသုံးပြုပြီး တင်ဆောင်သွားသည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့သိမ်းလာတဲ့ ပစ္စည်းတွေတင်လာတဲ့အချိန် လမ်းတစ်လျှောက်မှာ သေနတ်တွေ ပစ်ဖောက်သွားကြတယ်” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁၆ ရက်မှစပြီး ‌စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းအားဖြည့်တင်းပြီး လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးကာ ရှာဖွေဖမ်းဆီးမှုများကို ၁၅ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ယင်းကာလအတွင်း ဂေါ့အင်း၊ ကဒက်ကြီး၊ ‌ဝဗျော ကျေးရွာမှ ဒေသခံ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်။

ထောင်နှင့်ချီသည့် ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဒေသခံဆယ်နှင့်ချီလည်း အဖမ်းခံခဲ့ရသည်။ နေအိမ် သုံးဆောင်ထက်မနည်း မီးရှို့ခံရပြီး တစ်ဆောင်ပျက်စီးခဲ့ရသည်။

ယင်းလုပ်ရပ်များကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအပေါ် ယင်းကဲ့သို့ ကျူးလွန်မူများအား လက်နက်အင်အား မပြည့်စုံသဖြင့် မကာကွယ်ပေးနိုင်ခဲ့သည့်အတွက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က တောင်းပန်ကြောင်းလည်း ထုတ်ပြန်ထားသည်။