လောင်းလုံးမြို့ပေါ်တွင် ဓားပြတိုက်ခံရမှု ထပ်ဖြစ်

0
595

လောင်းလုံးမြို့ပေါ် (ဃ)ရပ်ကွက် ပြည်တော်သာလမ်းနှင့် ကြက်ခြေနီလမ်းထောင့်ရှိ သားအမိနှစ်ယောက်တည်းရှိသော နေအိမ်ကို ယနေ့(ဇူလိုင် ၄)မနက်ပိုင်းက ဓားပြတိုက်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့ မနက် စောစောဆွမ်းခံထွက်ချိန် ဆိုင်ကယ်ဖြင့်အမျိုးသားတစ်ဦးရောက်ရှိလာပြီး ဆွမ်းလောင်းရန်ပြင်နေသော အမျိုးသမီးတစ်ဦး၏လည်ပင်းကို ဓါးထောက်ကာ ဓားပြတိုက်သွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူ့အမေကို လည်ပင်းဓါးထောက်ပြီး ဗီရိုတွေဖွင့်ခိုင်းနေတဲ့အချိန် သားဖြစ်သူကတွေ့လို့ အော်လိုက်တယ်။ အဲဒီမှာ ဓားပြနဲ့အဲဒီအမျိုးသမီး နပန်းလုံးရာက ဓားပြ ထွက်ပြေးသွားတာ”ဟု ၎င်းကပြောသည်။

ဓားပြထွက်ပြေးသွားရာတွင် ၎င်းစီးလာသောဆိုင်ကယ်တစ်စီး ကျန်ခဲ့ပြီး ငွေကျပ်သုံးသိန်းခန့် ပါသွားကြောင်း စုံစမ်းသိရှိရသည်။

ကျန်ရစ်ခဲ့သည့် ဓါးပြစီးလာသော ဆိုင်ကယ်မှာ ယင်းရပ်ကွက်မှ အခြားလမ်းရှိ နေအိမ်တစ်ခုက ခိုးလာသော ဆိုင်ကယ်ဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်ကတော့ လိုင်စင်နဲ့ ပြပြီး ရဲစခန်းမှာထုတ်သွားပြီလို့ ကြားရတယ်”ဟု ၎င်းကပြောသည်။

လောင်းလုံးမြို့နယ်ရှိ ယင်းရပ်ကွက် တစ်ရပ်ကွက်ထဲတွင် ဇွန်လနှင့်ဇူလိုင်လ အတွင်း နေအိမ်သုံးဆောင်ထက်မနည်း ဓါးပြတိုက်ခံရပြီးဖြစ်သည်။

လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ပြည်သူ့ပန်းတိုင် အဖွဲ့က မူ မြို့နယ်အတွင်းကျေးရွာများမှာ လက်နက်ပြ အသက်အန္တရာယ်ခြိမ်းခြောက် ပြီး ဓါးပြတိုက်နေမှုများ ခပ်စိပ်စိပ်ဖြစ်လာသည့်အတွက်ကြောင့် ပြည်သူများအချင်းချင်း ရိုင်းပင်းကူညီကြရန် ဇွန်လ ၁၅ ရက်နေ့က ယင်းအဖွဲ့၏လူမှုကွန်ရက်စာမျက်နှာကနေ နှိုးဆော်တိုက်တွန်းခဲ့ဖူးသည်။