မြိတ်ခရိုင်တွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

0
480

မြိတ်ခရိုင်၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို ကူညီပေးနေသည်ဟုဆိုသူ အမျိုးသားနှစ်ဦး တစ်ရက်တည်း ပစ်သတ်ခံရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ) ထံမှ သိရသည်။

ဇူလိုင်လ ၁ ရက်က တနင်္သာရီမြို့နယ်၊ မောတောင်မြို့နေ အမျိုးသားတစ်ဦးနှင့် ကျွန်းစုမြို့နယ်၊ ဘဒန္နဲကျေးရွာတွင် ခေတ္တလာရောက် နေထိုင်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေခံများထံမှ သိရသည်။

မောတောင်မြို့ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သည့် ဦးအောင်လွင်ဆိုသူကို ဇူလိုင်လ ၁ရက်နေ့ နံက် ၁၀ နာရီတွင် ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ) က ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်သည်။

ဦးအောင်လွင်သည် စစ်ကောင်စီတပ်၏ လုပ်ငန်းလည်ပတ်မှုများတွင် ကိုယ်တိုင် ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေသူ ဖြစ်သည့်အတွက် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မောတောင်ဒေသခံ အမျိုးသားတစ်ဦးကမူ ဦးအောင်လွင်သည် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရာအိမ်မှူးလုပ်ခဲ့သူ ဖြစ်ပြီး အာဏာသိမ်းကာလတွင် မည်သို့လုပ်ဆောင်နေသည်ကိုမူ သေသေချာချာ မသိကြောင်း ပြောသည်။

ဇူလိုင်လ ၁ရက်နေ့ ည ၇ နာရီခန့်ကလည်း ကျွန်းစုမြို့နယ်၊ ဘဒန္နဲကျေးရွာတွင် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရကြောင်း ကျွန်းစုဒေသခံများက ပြောသည်။

“ရွာအစွန်က ကော်တောကြီး (ရော်ဘာတောကြီး) နားမှာ ပစ်သတ်ခံရတယ်။ ဘယ်သူတွေ လုပ်သွားလဲတော့ မသိဘူး” ဟု အဆိုပါရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူသည် ဘဒန္နဲကျေးရွာတွင် လာရောက်နေထိုင်နေသည်မှာ နှစ်ပတ်ခန့်သာရှိသေးကြောင်း ဒေသခံများက ဆိုသည်။

၎င်းသည် လယ်သစ်ကျေးရွာအနောက်ကမ်းတွင်နေထိုင်သည့် ဦးရဲမင်းဟိန်းဆိုသူဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု လယ်သစ်ကျေးရွာ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။  

၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို အတည်မပြုနိုင်သေးပေ။