ပုလောမြို့ခံရှစ်ဦး အဖမ်းခံရဟုဆို

0
313

မြိတ်ခရိုင်၊ ပုလောမြို့တွင် နေထိုင်နေကြသည့် အမျိုးသားရှစ်ဦး ဇူလိုင်လ ၂ရက် ညတွင် အဖမ်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂ ရက် ည ၁၀ နာရီဝန်းကျင်က ပုလောမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကံ့ကော်လမ်း၊ ဟိန္ဒူဘုရားကျောင်းအနီးရှိ နေအိမ်ခြောက်လုံးကို စစ်ကောင်စီတပ်က ကားလေးစီးဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယင်းနောက် အမျိုးသား ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပုလောမြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရသူများအနက် သဲလုပ်ငန်းတစ်ခု၏ မန်နေဂျာဖြစ်သူ ကိုမျိုးခိုင်ဆိုသူ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ကျန်အမျိုးသားများ၏ အမည်များကိုမူ လတ်တလောတွင် တိတိကျကျ မသိရသေးကြောင်း မြို့ခံအချို့က ပြောသည်။

“သဲစုပ်နေတဲ့ လှေဆိပ်ကနေ သူတို့က (အဖမ်းခံရသူတွေက) လှေနဲ့ ဂျင့်ဂါ၊ မှော်မိဖက်ကို အတက်အဆင်း လုပ်နေကြ တယ်ဆိုပြီး လာဖမ်းတာလို့ ကြားတယ်။ လှေဆိပ်မန်နေဂျာ (ကိုမျိုးခိုင်) ကိုလည်း ခေါ်သွားတယ်” ဟု ပုလောဒေသခံ နောက်တစ်ဦးက ပြောသည်။

ပုလောအရှေ့ခြမ်းဒေသ ရွာများဖြစ်သည့် နန်းတောင်၊ ဂျင့်ဂါ၊ မှော်မိ၊ ကျောင်းနိမ့် စသည့်ကျေးရွာများတွင် ဇွန်လ ၂၇ ရက်နေ့မှစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

Dawei Watch က ဒေသခံများထံ မေးမြန်းစုံစမ်းမှုအရ အဖမ်းခံရသူမှာ ခြောက်ဉီးဟု ဆိုသူများလည်းရှိပြီး အများစုကမူ ရှစ်ဦးဟုဆိုသည်။ ဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့် ဖမ်းဆီးခံရသူအရေအတွက်ကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပုလော အရှေ့ခြမ်းကျေးရွာများကို စစ်ကောင်စီတပ်က လွန်ခဲ့သည့် ၂ လခန့်မှစတင်ကာ ကုန်းလမ်းတစ်လျှောက် ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားသည်။