ထားဝယ်ခရိုင်တွင် ဝါးကုန်သည်များ ဝါးဝယ်ရန်ခက်ခဲလာ

0
557

ထားဝယ်ခရိုင် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေမှုများကြောင့် ဝါးကုန်သည်များ ဝါးဝယ်ရာတွင် အခက်အခဲဖြစ်နေကြောင်း ဝါးကုန်သည်အချို့ထံမှ သိရသည်။

ဇွန်လ ဒုတိယပတ်ကစပြီး လောင်းလုံးမြို့နယ်၏ အနောက်ဖက် တောင်ကြောတွင် စစ်ကောင်စီတပ်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို စစ်ကြောင်းထိုးရှာဖွေနေသည်။

ထို့ကြောင့် တောတောင်ဥယျာဉ်ခြံများကို ဒေသခံများ သွားရောက်ရန် အခက်အခဲရှိလာသည့်အတွက် ဝါးဘိုးဝါး ဝယ်ယူရာတွင် အခက်အခဲဖြစ်လာကြောင်း ဝါးကုန်အချို့ထံမှ သိရသည်။

“ဝါးဆိုတာကလည်း တောထဲ ဥယျာဉ်ခြံတွေထဲအထိ လိုက်ခုတ်ရတယ်။ ကိုယ်တိုင် ခုတ်ယူကြရတယ်ဆိုတော့ အဓိက အလုပ်သမားတွေ မလိုက်ရဲကြတော့ဘူး” ဟု ဝါးကုန်သည်တစ်ဦးက ပြောဆိုသည်။

ထားဝယ်ဒေသထွက် ဝါးဘိုးဝါးကို မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျားဖောင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက အများဆုံး ဝယ်ယူကြကြောင်း ဝါးကုန်သည်အချို့ထံမှ သိရသည်။

ဇွန်လမှ ဇူလိုင်လကုန်လောက်အထိ ဆယ်ဘီးကားဖြင့် နှစ်စဉ် အခေါက်သုံးဆယ်ထက်မနည်း တင်ပို့ရောင်းချနေခဲ့ရာမှ ယခုနှစ်တွင် ၁၁ ကြိမ်သာတင်ပို့နိုင်သေးကြောင်း ထားဝယ်က ဝါးကုန်သည်တစ်ဦးက ပြောသည်။

ဝါးဘိုးဝါး ဆယ်ဘီးကား တစ်စီးစာဆိုလျှင် ဝါးအလုံးရေ တစ်ရာရှစ်ဆယ်ခန့်ပါပြီး နှစ်စဉ် ဝါးလုံးရေ ငါးထောင်ကျော် တင်ပို့ရောင်းချနေခဲ့ရသော်လည်း ယခုနှစ်တွင် သုံးထောင်ကျော်ခန့်သာ တင်ပို့နိုင်မည်ဟု ၎င်းက ဆိုသည်။

“အဓိက တောထဲက ဝါးတွေမရတော့ဘူး။ နေအိမ်အနီးခြံထဲက ဝါးတွေကိုပဲ လိုက်ဝယ်နေရတယ်။ ဒီနှစ်သရက်ချောင်း ဘက်က ဝါးတွေဆို လုံးဝမရတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ဝါးဘိုးဝါးတစ်လုံးကို ငွေကျပ်လေးထောင့်ငါးရာ ငါးထောင်ဝန်းကျင်ရှိနေပြီး လမ်းနှင့် အနီးအဝေးလိုက် ဈေးနှုန်းပြောင်းလဲမှုရှိကာ လမ်းနှင့်နီးလျှင် ဈေးပိုပေးကြောင်း ဝါးကုန်သည်အချို့ထံမှ သိရသည်။

ထားဝယ်တွင် ဝါးဘိုးဝါးကို လယ်တဲ ယာတဲ ဆောက်လုပ်ခြင်းများတွင်သာ အများဆုံး အသုံးပြုကြသည်။