မလေးရှားသို့ တရားမဝင်သွားသည့်မြန်မာလုပ်သားများ စီးလာသောကား ထိုင်းတွင်တိမ်းမှောက်

0
388

မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ လိုက်ပါလာသော ကားတစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဇူလိုင်လ ၁ ရက် ညနေပိုင်းက တိမ်းမှောက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ယင်းကားသည် စူရတ်ဌာနီခရိုင် ထာ့ချန်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့် တိုက်မိရာမှ အရှိန်မထိန်းနိုင်တော့ဘဲ လမ်ဘေးသို့ ထိုးဆင်းတိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများသည် ကားမှောက်သည့်နေရာမှ မီတာ ၃၀၀ အကွာရှိ ဆီအုန်းခြံထဲသို့ ထွက်ပြေးသွားကြပြီး ပုန်းနေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းအာဏာပိုင်များက လိုက်လံဖမ်းဆီးရာ မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း၂၃ ဦးကို ဖမ်းမိပြီး ၎င်းတို့အနက် ၁၃ ဦးမှာ အသေးစားဒဏ်ရာရရှိထားသည်ကို တွေ့ရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုနည်းဖြင့် အရေးပေါ်ကုသပေး၍ အနီးရှိ စူရတ်ဌာနီဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ကားမောင်းသမားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာအလုပ်သမားများကို စစ်ဆေးမေးမြန်းရာ ၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်မှတစ်ဆင့် ဝင်ရောက် လာခြင်းဖြစ်ပြီး မလေးရှားသို့ သွားရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားသည်ဟု ထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ထိုင်းဥပဒေများအရ အရေးယူ ဆောင်ရွက် နိုင်ရန်နှင့် ကားသမားကိုလည်း ဖမ်းဆီးရမိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထာ့ချန်းရဲစခန်းက ထုတ်ပြန်ထားသည်။

ဇူလိုင် ၁ရက်နေ့တွင်ပင် မလေးရှားသို့ တရားမဝင်သွားမည့် နောက်ထပ် မြန်မာလုပ်သား ၄၃ ဦးကိုလည်း ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်နှစ်ခုတွင် ဖမ်းဆီးရမိခဲ့သေးကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်မှတစ်ဆင့် မလေးရှားသို့ သွားမည့် မြန်မာလုပ်သား ၂၂ ဦးကို ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ပစ်ကပ်ကားပေါ်တွင် လည်ကောင်း၊ နောက်ထပ် မလေးရှားသို့ သွားမည့် မြန်မာလုပ်သား ၂၁ ဦးကို ဖာထ်ထလုင်ခရိုင်အတွင်းရှိ တောထဲတွင် လည်းကောင်း ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းနိုင်ငံရေး မလုံခြုံမှုနှင့် အလုပ်အကိုင်ရှားပါးလာမှုကြောင့် မြန်မာလုပ်သားများသည် ထိုင်း၊ မလေးရှား နိုင်ငံများသို့ တရားမဝင်နည်းလမ်းများဖြင့် ဝင်ရောက်သဖြင့် မကြာခဏ ဖမ်းဆီးခံခဲ့ရလေ့ရှိသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် မြန်မာအလုပ်သမား ၁၆၆ ဦးကို ဇွန်လ ၂၉ ရက်နေ့တွင် ရနောင်းနယ်စပ်မှတဆင့် ကော့သောင်းမြို့သို့ လွှဲပြောင်း ပေးခဲ့သည်။

Ref: Khaosod Online, MGR Online