တနင်္သာရီ လယ်သစ်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး စစ်ရေးတင်းမာ

0
501
LaeThit

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက လယ်သစ်ရွာအနောက်ကမ်းဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လယ်သစ်အရှေ့ကမ်းတွင်ရှိသည့် တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်တို့အကြား ၁၅ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

လက်နက်ငယ်အပြင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“နှစ်ဖက်စလုံး အခုထိငြိမ်နေကြတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ယနေ့ (ဇူလိုင် ၂) နံနက်တွင် ပြောဆိုသည်။

ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့သည် လက်ရှိအချိန်တွင် လယ်သစ်ကျေးရွာအနောက်ကမ်း၌ တပ်စွဲထား သဖြင့် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

“(အရှေ့ကမ်း၊ အနောက်ကမ်း) ရွာနှစ်ရွာလုံးမှာတော့ လူတွေတစ်ယောက်မှ မရှိတော့ဘူး။ သူတို့လာပြီဆို ကြားတာနဲ့ အကုန်တောထဲ ပြေးကုန်ကြပြီ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း လယ်သစ်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ကျဆုံးမှုများ ရှိခဲ့ပြီး အရပ်သားတစ်ဦးလည်း သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင် အပါအဝင် နေအိမ်သုံးလုံး ပျက်စီးခဲ့ရကြောင်း ၎င်းတို့က ပြောပြသည်။

ဇွန်လ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က တပ်သား ငါးဦးကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖက်က တစ်ဦး ဒဏ်ရာရခဲ့ကြောင်း တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

လယ်သစ်နှင့် ပဝကျေးရွာအုပ်စုတို့တွင် ၂၀၂၂ ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိသည်။

အဆိုပါကျေးရွာသည် တနင်္သာရီမြစ်လက်တက် တဖက်တချက်တွင် ရွာတည်ထားပြီး အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ရွာကြီးဖြစ်သည်။